ကျွန်တော်တို့ ကလေးဘ၀ ငယ်ငယ်တုန်းက တွေးခဲ့ဖူးသော
စိတ်ကူးယဉ်ခဲ့ဖူးသော အိပ်မက်မက်ခဲ့ဖူးသော…..အရာများသည်
ကျွန်တော်တို့ အသက်ကြီးလာသောအခါ တကယ်ဖြစ်လာနိုင်ပါသလား….
ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့သော မဖြစ်ချင်ခဲ့သော သို့မဟုတ် ဘာမှကိုသေချာမသိ အိမ်မက်တွေရှိချင်ရှိမည် မရေရာတာလည်း ဖြစ်ချင်ဖြစ်နိုင်မည် ထိုကဲ့သော စိတ်ခံစားမှုမျိုး ကို ဖြတ်သန်းခဲ့ရသော အခိုက်အသန့်လေးများသည် လူတစ်ယောက်ရဲ့ ဘ၀ကို ထုဆစ်ပုံဖော်ပေးခဲ့သည်ဟုဆိုလျှင် အများစုကတော့ လက်ခံနိုင်လိမ့်မည်ဟု မထင်ပေ။
"ကလေးဘ၀တုန်းကများ သင့်ကိုဘာဖြစ်ချင်သလဲလို့ မေးခဲ့ရင်၊ သင်ဖြေပါလိမ့်မယ် ဆရာဝန်ကြီးဖြစ်ချင်တယ်၊ စစ်ဗိုလ်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့်ပေါ့။ တကယ်တော့ သင်ဟာ ဘာမှဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး။ သင့်ရဲ့ မိဘက ငါ့သားကကြီးလာရင်ဆရာဝန်ကြီးဖြစ်မှာ ဒါမှမဟုတ် စစ်ဗိုလ်ကြီးဖြစ်မှာ လို့ သင်ကြားခဲ့ရလို့တာ ကြားဖူးနားဝဖြေကြားခဲ့ခြင်းဖြစ်ပါလိမ့်မည်"။ တကယ်တော့ သင့်ကိုသင်တောင် အနုလား၊ အရင့်လားလို့ မခွဲခြားတက်သေးတာ ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုတော့ မိဘကျေနပ်အောင် သင်ဖြောင့်ချက်ပေးခြင်းသာဖြစ်ပါလိမ့်မည်။
သို့ပေမဲ့ အမှတ်တမဲ့ သင်ကြုံတွေ့ခဲ့ရသော စိတ်ကျေနပ်မှု ဖြစ်စေသော အခိုက်တန့်လေးတစ်ခုကတော့ သင့်ဘ၀ကိုပြောင်း လဲစေနိုင်သည်။
ရမ်းပြောခြင်းမဟုတ်ပါ။ ဆရာကြီးဂိုက်ဖမ်းပြီးပြောခြင်းမဟုတ်ပါ။ စူးစမ်းလေ့လာ သုံးသပ်ပြီးမှပြောခြင်းဖြစ် ပါသည်။ "အိမ်နားက မအေးမွန်ကို မေးကြည့်ပါတယ် အမငယ်ငယ်တုန်းက ဘယ်လိုကစားနည်းတွေ ကစားခဲ့လည်း" ဟုမေး လိုက်သောအခါ "အမလေးဟယ် ဂေါက်တီးဂေါက်တောက် ဘာတွေလာမေးနေတာလဲ "ဘုကျကျပြန်ဖြေသည်။ကြိုးစား ချော့မေးမှ" အေးကွယ် မယ်မယ်ရရတော့မရှိပါဘူး အိမ်နားကခလေးတွေနဲ့ ဈေးရောင်းတိုင်း ဆော့ကစားကြတာပဲ အဲ့ဒီအခါတိုင်း ငါကဈေးသည်လုပ်တာပဲ လမ်းနားကတွေ့သမျှ မြတ်ပင် ၀ါးပင် အစုံကို အိမ်ကအမေ မသိအောင်ခိုးယူလာတဲ့ လင်ဗန်းကြီးထဲထည့် ဈေးသည်လုပ်ပြီး အော်ရောင်းတာပဲ အမရေ….၀ယ်ပါဦး၊ ဒါလေးကလတ်လတ်ဆက်ဆက်နော်(ဈေး သည်လေသံဖြင့်)၊ လျော့ဈေးနဲ့ပေးမယ် အဲ့လိုရောင်းတာပေါ့၊ အဲ့တုန်းကငါ့အမ၀မ်းကွဲက သူဋ္ဌေးသမီးလုပ်တာပေါ့ သူကလည်း သူဋ္ဌေးသမီးပီပီဟန်ဆောင်လုပ် ဈေးကလည်းဆစ်တက်သေးတာအေ တကယ့်လူကြီးတွေတောင်လက်လန် တယ်" ဟုငယ်ဘ၀ဆော့ကစားခဲ့ကြသည့် အကြောင်းများကို တအုံနွေးနွေး ပြန်ပြောပြပါသည်။ ဒါပဲလားဆိုတော့ မဟုတ်ပါ နောက်ဆက်တွဲ တန်ဖိုးရှိလှသော စကားတစ်ခွန်းကြောင့် ကျွန်တော်အံသြမှင်သက်သွားပါသည်။" အေးဟယ် တကယ်တမ်းလည်း အဲ့ဒီချိန်ကလေးဘ၀တုန်းက ဈေးသည်လုပ်ရရင်ပဲ ကျေနပ်ခဲ့တဲ့စိတ်လေးတစ်ခုကြောင့်လား မသိ ခုတော့ ဈေးထဲမှာကုန်ခြောက်မျိုးစုံးရောင်းနေရတဲ့ ဈေးသည်လုံးလုံးကိုဖြစ်ရော။ အဲ့ဒီအချိန်တုန်းက သူဋ္ဌေးမလုပ်ခဲ့တဲ့ ငါ့အမ ၀မ်းကွဲ ဘာဖြစ်သွားတယ်ထင်လဲ စစ်ဗိုလ်နဲ့ညားပြီး ဗိုလ်ကတော်ဖြစ်နေတယ်တော်"။ "ဗျာ…….တကယ်ရောဟုတ်လို့လား "ကျွန်တော်မယုံတင်ကာနဲ့ မေးမိသည်။ အဲ့ဒီတော့ သူ့လက်ကိုင်အိပ်ခပ်နွမ်းနွမ်းထဲက ဖုန်းယူပြီး ပုံတွေပြမှ ကျွန်တော်လက် ခံလိုက်ရသည်။ "အဲ့တာကြောင့်ပြောတာပေါ့ စကားနောက်တရားပါဆိုတာလေ ခုတော့ ငါ့အမ၀မ်းကွဲက ကောင်းစားနေလိုက် တာအေ မနာလိုတောင်ဖြစ်ရတယ်။ ဒါကြောင့် အိမ်က အငယ်မကို (သမီးအထွေး) သူ့အဖော်တွေနဲ့ဆော့ကစားရင် ဘယ်တော့မှ ဈေးမရောင်းခိုင်းဘူး။ ဆော့တာမြင်ရင်တော့ ငါရိုက်တာပဲ" ဟုကွကျကျပြောပြပါသည်။" ဖြစ်နိုင်ပါ့မလား ကံကောင်းလို့ မအေးမွန်အမက စစ်ဗိုလ်နဲ့ညားတာမဖြစ်နိုင်ဘူးလား"။ သင်ထင်ကောင်းထင်နေပါလိမ့်မည်။
ဒီထက်သေချာတဲ့ သာဓက ကိုပြပါဆိုလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုသာညွန်ပြရပါလိမ့်မည်။ ကျွန်တော်ဖတ်ခဲ့ရသော စာရေးဆရာ ကိုအောင်ဆန်း ကြယ်နီစာအုပ် ထိုစာအုပ်ကို** မောင်စိမ်းနီ** စုစည်းပြီး ငါတို့စာပေမှ ထုတ်ဝေဖြန့်ချီပါသည်။ ထိုစာအုပ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကလေးသဘာဝအတိုင်း ကစားကြသောအခါ ဗိုလ်ချုပ်လုပ်ပါသည်။ ပြီးတော့ သူ့ကို ဗိုလ်ချုပ်ဟုခေါ်သော ကလေးဖော်တွေကို ထန်းလျက်ခဲ လက်တစ်ဆုပ်စီ ကျွေးလေ့ရှိ ခဲ့သည်ဟု ဖတ်ရှူမှတ်သားခဲ့ရပါသည်။ ဒီထက်ခိုင်လုံသော သာဓကပေါင်းများစွာလည်းရှိနေပါလိမ့်မည်။ ထို့ကြောင့် ကလေး ဘ၀တုန်းက သင်တွေ့ကြုံ ခံစားခဲ့ရသော အခိုက်သန့်လေးများသည် သင်ရဲ့ နှလုံးအိမ်မှာ သန္ဓေတည်ပြီး သင့်ရဲ့ ဘ၀ကိုပဲ့ပြင် ထိန်းကြောင်းပေးခဲ့မည်ဟုဆိုလျင် မှားမည်မထင်ပါ။ မိဘများကလည်း သားသမီးများကို ကောင်းမွန်သော ပတ်ဝန်းကျင် ကိုဖန်တီးပေးပြီး မြင့်မြတ်သော စိတ်နေစိတ်ထား များသန္ဓေတည်စေဖို့ လေ့ကျင့်ပျိုးထောင် ပေးသင့်သည်ဟု ထင်မြင်မိပါ သည်။
ကျွန်တော်မိဘများမှာလည်း သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ကြိုးစားရုန်းကန်နေရချိန်တွင် သားသမီးများကို ကောင်းစွာကျပ်မတ် သွန်သင်နိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော်ဖြတ်သန်းခဲ့ရသော ကလေးဘ၀တစ်လျောက်တွင် သိမ်ငယ်ခြင်း၊ သ၀န်တိုတက်ခြင်း၊ စိတ်တိုတက်ခြင်း နှင့် ကြောက်ရွံ့သော လူငယ်တစ်ယောက်ဖြစ်ခဲ့ရပါသည်။ လုပ်ငန်းခွင်ထဲ ၀င်ချိန်ရောက်မှသာ ဆရာကောင်းသမားကောင်းများနှင့်တွေ့ပြီး စာပေများကို ဖတ်ရှူဆင်ခြင် ရင်းဖြင့် ယခုအခါ အတော်ဆုံးမဟုတ်တောင် အလယ်အလတ်တန်းစားလောက်တော့ရှိနေပါသည်။ စာအုပ်စာပေရဲ့ အကျိုးကျေးဇူး ကြီးမှာပုံကို ယခု Steemit platform ကိုအသုံးပြုလေ့လာနေချိန်တွင် ပို၍သိမြင်လာခဲ့ရပါသည်။
မည်သို့ ပင်ဖြစ်စေ သင့် ကလေးဘ၀တုန်းက သင်ဖြတ်သန်းကြုံတွေ့ခဲ့ရသော စိတ်ကျေနပ်စရာကောင်းသော သို့မဟုတ် ခက်ခဲကြမ်းတမ်းသော အခိုက်အတန့်လေး တစ်ခုသည် သင်ကြီးလာသောအခါ ဒိုက်ရိုက်ဖြစ်စေ သို့မဟုတ် တွယ်ဝိုက်၍ဖြစ်စေ သက်ရောက်မှု ရှိနိုင်ပါသည်။ ယခုလက်ရှိသင်ကြုံတွေ့ခံစားနေရသော အရာများသည် ငယ်ဘ၀က သင်ပြုမှုနေထိုင်ခဲ့သော အရာများကြောင့်ဖြစ်သည်ဆိုတာ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။ ဖတ်ရှူပေးကြသော Steemit မိသားစုဝင်များကို ဦးထိပ်ထားလျက်……..
Photos credit from Google
ကိုကိုမိုဟိန်း (သစ်အယ်သီး)
Written by @kokomoehein
MSC NO. 118