ကျွန်တော်၏ ဆောင်းပါးခေါင်းစဥ်ကို ဖတ်ပြီးတော့ ကိုကိုမိုးဟိန်း
ကတော့ ကိုရင်ဝတ်ပြီး တရားပေါက် တစ်ယောက်ပါးသွားပြီလို့
ထင်နေကြမလား။ ထင်ချင်လည်း ထင်ချင်စရာပင် ကိုရင်ဝတ်ပြီးနောက် တင်တဲ့ပို့စ်တွေမှာ အိုခြင်း၊ နာခြင်း၊ သေခြင်း
တွေပါလာသည်ကိုး။ မည်သို့ပင်ဆိုစေ ခုလိုရတောင့်ရခဲ ကိုရင်ကြီး
ဘဝတွင် တစ်ခုခုအကျိုးရှိအောင် အသိတွေတိုးအောင် လေ့လာ
လိုက်စားသင့်သည် မဟုတ်ပါလား။
ကျွန်တော့်တွင် သိပ်မကြာသေးခင်ကမှ စွဲကပ်ပါလာသော အကျင့်
ကောင်းလေးတစ်ခု ရှိပါသည်။ အဲ့ဒါကတော့ မနှစ်ကဖြစ်သည်။
Swisscontect နှင့် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနတို့ ပူပေါင်း
ပြီးဖွင့်လှစ်ပေးခဲ့တဲ့ အလုပ်လက်မဲ့ ပပျောက်ရေးသင်တန်းမှ အကျင့်
ကောင်းလေးတစ်ခုရရှိလာခဲ့သည်။ သင်တန်းဆရာမှ ဤကဲ့သို့
အကျင့်ကောင်းလေးအား သင်ပေးခဲ့ပါသည်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကို
သိရှိအောင်ကြိုးစားအားထုတ်ရမည်ဖြစ်သည်။
၁။ ဘာကြောင့် လုပ်တာလဲ( Why yo do? )
၂။ ဘာကိုလုပ်မှာလဲ ( What to do? )
၃။ ဘယ်လိုလုပ်မှာလဲ ( How to do? )
ဆိုပြီး ဤအချက် ၃ ချက်ကို အမြဲ သိအောင်လုပ်ရမည်ဟု
သင်ကြားပေးခဲ့ပါသည်။
ထိုသင်တန်းမှ ရရှိလာသော အသိလေးတစ်ခုသည် ယခုတိုင် ဘာပဲ
လုပ်လုပ် မိမိလုပ်ရသည့် ရည်ရွယ်ချက်ကို သိရှိအောင် လုပ်တက်သည့် အကျင့်ကောင်းလေးတစ်ခု ဖြစ်လာပါတော့သည်။
ထို့ကြောင့် ယခုလို ကိုရင်ကြီးဝတ်သော အချိန်တွင် ဘာကြောင့်
ရဟန်းပြုရသလဲ ဆိုတဲ့ အဖြေကိုရှာဖွေတဲ့အခါ သီတင်းသုံးရာ
ကျောင်းက တရားစာအုပ်ပုံကြီးထဲမှ မိမိသိချင်နေတဲ့အကြောင်းရာ
နှင့်ပက်သက်ပြီး ပြောပြထားတဲ့ စာအုပ်ကောင်းအား ရှာတွေ့ခဲ့ပါတော့သည်။
ထိုစာအုပ်ထဲမှ ဘာကြောင့်ရဟန်းပြုရသလဲဆိုသော အကြောင်းရာ
အကျဥ်းချုပ်ကို စာဖတ်သူများ ဗဟုသုတရရှိစေရန် ဖော်ပြပေးရပါအံ့။
ရဟန်းဘာကြောင့်ပြုရတယ်
ကောဗျရမင်းကြီးက အရှင်ရဌပါလ ရဟန်းတော်ကို ရဟန်းပြုရခြင်း
နှင့်ပက်သတ်ပြီး ဤသို့မေးခဲ့ပါသည်။
အရှင်ဘုရား တပည့်တော်သိသော ရဟန်းပြုရခြင်းဆိုသည်မှာ
ဇရာ (အသက်ရွယ်အိုမင်း)
အသက်ရွယ်အိုမင်းလာပြီး ဘာမှမလုပ်နိုင်တော့တဲ့အခါ
ဘာမှသုံးမရတော့တဲ့လူဆိုပြီးပတ်ဝန်းကျင်အသိုင်းဝိုင်းက
ပြစ်ပယ်ထားခြင်းကိုခံရတဲ့အခါ စိတ်ဓာတ်တွေကျပြီး ရဟန်းပြုကြ
ရတယ်။
ဗျာဓိ (ရောဂါအနာစွဲကပ်)
ကုသလို့မရတော့တဲ့ အနာရောဂါစွဲကပ်လာပြီး ဒုက္ခဝေဒနါတွေ
ခံစားလာကြရတဲ့အခါ စိတ်ဓာတ်တွေကြပြီး လူတွေဟာ ရဟန်းပြုကြတယ်။
ဘောဂ (ပစ္စည်းဥစ္စာ ပျက်စီး)
ပစ္စည်းဥစ္စာတွေ ဆုံးရှုံးပျက်စီးသွားလို့၊ စီးပွားပျက်ကုန်ကြလို့
ငါတို့တော့ နလန်မထူနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်တွေကျပြီး
လူတွေဟာ ရဟန်းဘောင်ကိုဝင်ကြတယ်။
ညာတိ ( ဆွေမျိုးပျက်)
တစ်ချို့လူတွေကျတော့ ဆွေမျိုးတွေ သေဆုံးသွားလို့၊ ချစ်ရသူတွေ
သေဆုံးသွားကြလို့၊ မိမရှိ ဖမရှိ ဆွေမရှိ မျိုးမရှိ ဖြစ်လာကြတဲ့အခါ
ရဟန်းပြုတယ်။
ဤလေးမျိုးကြောင့် လူတွေဟာ ရဟန်းပြုကြတယ် အရှင်ဘုရားကတော့ ထိုကဲ့သို့မဟုတ် အသက်ရွယ်အားဖြင့်
ငယ်ရွယ်နုပျိုသေးသည်၊ ဘာအနာရောဂါမှလည်းမရှိ၊ ကိုယ်တိုင်က
လည်း သူဌေးသားဖြစ်ပြီး အမိအဖအစုံအလင်နှင့် ဆွေကြီးမျိုးကြီး
လည်းဖြစ်တယ်။ ဘာကြောင့် အရှင်ဘုရား ယခုလို ရဟန်းပြုရတာပါလဲလို့ မေးလျှောက်တဲ့အခါ
အရှင်ရဌပါလ ရဟန်းတော်က ဤကဲ့သို့ပြန်ဖြေခဲ့ပါသည်။
တစ်နေကွယ်၊ သေနယ်သို့ တစ်ရက်ကူး
လူဆိုတာ သေမျိုးဖြစ်တယ်၊ လူ့ဘဝကြီးမှာ ကျရာဇာတ်ရုပ်ကနေပြီး
သေခြင်းတရားဆီကို တရွေ့ရွေ့သွားနေကြရတယ်။ ဘယ်အချိန်
သေရမည်ကိုကား မသိနိုင်ပေ။
စောင့်ရှောက်သူမဲ့၊ ကိုးရားမဲ့၊ အားနွဲ့လှချေပါတကား
လူဆိုတာ ခိုကိုးရာမဲ့တဲ့အမျိုးဖြစ်ပါတယ်။ အသက်ရွယ်ကြီးရင့်
လာလို့ ရောဂါဝေဒနာတွေ ခံစားလာရတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ
ခံစားရမည်သာဖြစ်သည်။ ကိုယ့်ကိုယ်ချစ်လို့ပါဆိုပြီး ဘယ်မိဘ၊ ဘယ်ဆွေမျိုးမှ မျှဝေခံစားမပေးနိုင်ဘူး။ ဒါကြောင့် လူဆိုတာ
ခိုကိုးရာမဲ့တဲ့အမျိုးဖြစ်တယ်။
ကိုယ်ပိုင် ဥစ္စာမရှိပါ ၊ စွန့်ကာသွားရမည်တကား
လူတွေ ကိုယ်ပိုင်ဆိုင်တဲ့ဥစ္စာဆိုတာမရှိပါဘူး။ ကိုယ်သေသွားတဲ့အခါ
ကိုယ်ပိုင်ဆိုင်တာတွေ အားလုံးကို ငါပိုင်တဲ့ဟာ ဆိုပြီး ယူသွားလို့မရပါဘူး။
လိုမပြည့်ဝ၊ အားမရ၊ တဏှာ့ကျွန်ချည်းပါတကား
လူတွေမှာအတောမတက်နိုင်တဲ့ လိုချင်တပ်မက်မှုတွေနဲ့ပြည့်နေတယ်။
တစ်ခုရပြီးရင် နောက်တစ်ခုရချင်တယ်။ ဘယ်တော့မှ ပြည့်စုံတယ်ဆို
တာမရှိပါဘူး။
ဤအချက် ၄ချက်မှ ကင်းဝေးပြီး နိဗ္ဗာန်ချမ်းသာကိုရဖို့
ရဟန်းပြုရခြင်းဖြစ်ပါတယ်။
ကျွန်တော်သည် ဤစာအုပ်လေးအားဖတ်မိပြီးမှသာ မိမိဘာကြောင့်
ရဟန်းပြုရတယ်ဆိုတာကို နားလည်းသိရှိခဲ့ပြီး၊ မိမိလုပ်နေသော
အလုပ်မှာ နက်နဲသောအဓိပ္ပါယ်ရှိပါလားဆိုတာကို ခံစားလာရသည်။
စိတ်၏ချမ်းသာမှု အစစ်မှန်ကိုခံစားလာရသည်။
ထို့ကြောင့် စာဖတ်သူမိတ်ဆွေများလည်း မိမိလုပ်တဲ့အလုပ်ရဲ့
ရည်ရွယ်ချက်နှင့် မိမိဘာကြောင့်လုပ်ရလဲဆိုတဲ့အချက်ကို
သိရှိပြီးတော့ ပိုမိုလေးနက်သော၊ အဓိပ္ပါယ်ရှိသော နေ့ရက်များ
ပိုင်ဆိုင်နိုင်ကြပါစေဗျာ...
စာအုပ်ကြမ်းကိုး။ ရှင်ဆန္ဒာဓိက၊ ရဟန်းဘာကြောင့်ပြုရတယ်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
@myanmarkoko