၂၀၀၂ခုနှစ် ခိုက်ခိုက်တုန်အောင်ချမ်းနေသည့် ဒီဇင်ဘာ ည ၁၁ နာရီတွင် အရာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်နေသည်။သို့ပေမဲ့ ကားဝက်ရှော့ဆိုင်တွင်တော့ ဆီဂျီးတွေပေကျံနေတဲ့အလုပ်သင်ကောင်လေးတွေနဲ့ ဝက်ရှော့ဆရာတို့ကတော့အလုပ်ရှူပ်နေကြသည်။ ထိုအလုပ်သင်ကောင်လေးများထဲတွင် ဖိုးကောင်းဆိုတဲ့ကောင်လေးတစ်ယောက်အသက်က ၁၄ နှစ် ပိန်ပိန်ပါးပါး အငယ်ဆုံးဖြစ်သည်။
ဝက်ရှော့ဆရာဦးကြည်ဝင်းက အင်ဂျင်လုံးနေသည်။ကားကိုမနက်ဖြန်မနက်ဖောက်သည်ကို ပြန်အပ်ရမည်၊ ထို့ကြောင့်ည ၁၁ နာရီထိဇောနဲ့လုပ်နေခြင်းဖြစ်သည်။အလုပ်သမားတွေကညည်းငြူကုန်ကြပြီ " ငါတို့ကိုမညှာမသာခိုင်းနေတာ၊ လူစိတ်ကိုမရှိဘူး " ဖိုးကောင်းက သူ့အလုပ်ဖော်တွေကိုဝက်ရှော့ဆရာမကြားအောင် တိုးတိုးလေးပြောလိုက်ခြင်းဖြစ်သည်။အားလုံးကလည်းတညီတညွတ်တည်းထောက်ခံကြသည်။ ဝက်ရှော့ဆရာဦးကြည်ဝင်းက ခပ်ဝဝနဲ့မျက်မှန်ထူကြီးကတပ်ထားသေး။ စိတ်ကြီးသည် သူစိတ်မရှည်ကနီးစပ်ရာကောက်ကိုင်ပြီး ရိုက်နှပ်တက်သည်။ ထို့ကြောင့် အလုပ်သင်များသာမက သူ့ရဲ့တပည့်ရင်းများကပါ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရသည်။
ဖိုးကောင်းက အလုပ်သင် ၁ လတောင်မပြည့်သေး၊မိဘများကမပြေလည်၍ကျောင်းထွက်ပြီး ဝက်ရှော့ လုပ်နေရခြင်းဖြစ်သည်။ ဒီလိုမျိုးည ၁၁ နာရီထိမလုပ်ဖူးသေး တစ်နေကုန်လည်းလုပ်ထားရသည်၊ ခုသူအရမ်းအိပ်ချင်နေတာပဲသိသည်၊ သူ့မျက်ခွံကိုမသယ်ထားနိုင်တော့။
"ဟေ့ယောင်...ဖိုကောင်း ဟိုးနားက ၁၇ ဂွ ယူခဲ့စမ်း" သူ့ဆရာသံဖြစ်သည်။
"ဟုတ်ဆရာဟုတ်"ဖိုးကောင်းပျာပျာသလဲပြန်ဖြေလိုက်ရသည်။ ၁၇ ဂွ ယူပြီးသူ့ဆရာပေးသည်၊ ထို့နောက်သူ့ဆရာက မှာသည်။
"ဒီ ဟက်တိုင် တွေကို သေသေချာချာကျက်၊ အင်ဂျင်ထဲကိုနက်တိုင်မကြစေနဲ့ကြားလား"
"ဟုတ်ဆရာ"
ဖိုးကောင်းလည်းသူ့ဆရာမှာသည့်အတိုင်းသေသေချာချာလုပ်သည်၊ ဒါပေမဲ့ ဖိုးကောင်းကံဆိုးခဲ့သည် အင်ဂျင်ထဲနက်တိုင်မကျစေနဲ့လို့သေချာမှာမှ နက်တိုင်က ကျသွားသည်။ ဖိုးကောင်းခေါင်းနပန်းကြီးသွားသည်၊ထူပူပြီးဘာလုပ်ရမှန်းမသိတဲ့အချိန်မှာပဲသူ့ဆရာဦးကြည်ဝင်းရောက်လာသည်။
"ဘာဖြစ်တာလဲဖိုးကောင်း"
"နက်တိုင်အင်ဂျင်ထဲကျသွားလို့ဆရာ"
"ဘာ......တောက်"ဆိုတဲ့အသံနဲ့အတူ ဖိုးကောင်းမျက်နှာပေါ်ကိုလက်သီးမိုးတွေရွာတော့သည်။ဖိုးကောင်းရှောင်ချိန်မရလိုက်၊ ရှောင်ဖို့လည်းမတက်နိုင်၊ အားပြင်းလှတဲ့လက်သီးဒဏ်ကြောင့် ဖိုးကောင်းခနလောက် ကမ္ဘာကြီးနဲ့အဆက်သွယ်ပျက်သွားပြီးလှဲကျသွားသည်။
"ဟေ့ယောင်ပြန်ထစမ်း"
ဖိုးကောင်း မေ့နေချိန်မရ ကမန်းကတမ်းကုန်းထသည်၊ ဝက်ရှော့ဆရာ အနားကသံပိုက်ကောက်ပြီးရိုက်မယ်အလုပ်၊ ဆရာကတော်ကပျာပျာသလဲဝင်တားရသည်။
"တော်ပါတော့ ကိုဝင်းရယ် လွန်ကုန်မယ် စိတ်ထိန်းပါရှင်၊ ဟဲ့ဖိုးကောင်းသွားတော့တခြားဟာသွားလုပ်ချီ"
ဆရာကတော်ကြောင့်သာ ဖိုးကောင်းသက်သာရာရခဲ့သည်၊ သို့ပေမဲ့ ဝမ်းနည်းခြင်းကြီးစွာနဲ့ အဝတ်စားလှဲခန်းတွင် ဖိုးကောင်းငိုသည်၊ အလုပ်ဖော်တွေကလည်း ဂရုဏာသက်စွာ နှစ်သိမ့်ကြသည်။
ဖိုးကောင်းအိမ်ပြန်လာသည်၊ အခန်းထဲတွင်ဆက်၍ တိတ်တိတ်လေးငိုနေသည်။ ဖိုးကောင်းအဖေကရိပ်မိသည်၊ဖိုကောင်း ပြသနာဖြစ်လာမှန်းသိသည်။
"သား ....ဘာဖြစ်လာတာလဲ၊အဖေ့ကိုပြောစမ်း"
"အဖေသားဝက်ရှော့မလုပ်ချင်တော့ဘူး"
"ဟင်ဘာလို့လဲသား လုပ်ရတာအဆင်မပြေဘူးလား"
"ဟုတ်တယ်အဖေ ဆရာကသားတစ်ခုမှားတာနဲ့ဆူဆဲပြီးထိုးတယ်၊ အဲ့တာကြောင့်မလုပ်ချင်တော့ဘူး"
"ဒီမှာငါ့သားအဖေပြောမယ်၊ သားကငယ်သေးတော့လောကကြီးကြောင်းကိုဘာမှမသိသေးဘူး၊ ဒီမယ်ငါ့သား #သူဖုန်းစားပမာ ပညာရှာ# တဲ့၊ သူဖုန်းစားဆိုတာ အလွယ်ပြောရရင် သူတောင်းစားကိုပြောတာ၊ သူတို့ဟာ ဝမ်းစာလေးရဖို့တွက် လမ်းတကာလှည်တောင်းတယ်၊ သူတို့ဆီမှာ မာန၊ ဒေါသ၊ ရှက်ခြင်း၊ ကြောက်ခြင်းမရှိဘူး၊ ဒီလိုပဲ ပညာရှာတဲ့အခါမှာလဲ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ အနွံတာခံရမယ်၊ အောက်ကျို့ရမယ်၊ ဘယ်ပညာမှ လွယ်လွယ်မရဘူးငါ့သား၊ တချိန်မှာ ခုလိုငါ့သားဒုက္ခခံရတာတွေကို မင်းပြန်ပြီးကျေးဇူးတင်လိမ့်မယ်ကွ"။
သူ့အဖေရဲ့စကားတွေကို ဖိုးကောင်းသေသေချာချာ လေးလေးနက်နက်စဉ်းစားတယ်၊ "သူဖုန်းစားပမာ ပညာရှာ" ဒီစကားကသူ့ရဲ့စိတ်နားကြည်းမှူ ၊ သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို သက်သာသွားစေသည်။ ဒီလိုနဲ့သူအလုပ်ကိုဇွဲနဘဲနဲ့ကြိုးစားတယ်၊ စိတ်ညစ်စရာတွေ၊ အဆင်မပြေမှူတွေ၊ အခက်ခဲတွေကြုံတွေ့လာတိုင်း သူ့အဖေပြောခဲ့တဲ့စကားကိုပြန်ကြားယောင်ပြီး နှစ်ဆပိုပြီးကြိုးစားတယ်၊ နောက်ဆုံးသူဖြတ်ကျော်နိုင်ခဲ့ပါပြီ။
ခုဆို"ဖိုးကောင်းကားဝက်ရှော့"ဆိုရင် မသိတဲ့သူမရှိ၊ အသိုင်းဝိုင်းကြားမှာ ဦးဖိုးကောင်းဆိုပြီး နာမည်တစ်လုံးနဲ့ လက်မထောင်နိုင်ပြီ၊ ခုချိန်မှာသူစဉ်းစားနေမိတာက လွန်ခဲ့သော ၂၀၀၂ခုနှစ်က ခိုက်ခိုက်တုန်အောင်ချမ်းနေသည့် ဒီဇင်ဘာညတစ်ညကိုဖြစ်သည်၊ ထိုအဖြစ်ပျက်လေးကို ဦးဖိုးကောင်းကျေးဇူးတင်နေမိသည် ၊ ထိုညက သူ့အဖေပြောခဲ့သောစကားကို ပြန်ကြားယောင်နေမိသည်
သူဖုန်းစားပမာ ပညာရှာ
@ကိုကိုမိုးဟိန်း
Author @KoKoMoeHein
MSC no. 118
Photo credit >> google