တန်ဖိုး
ဤဆောင်းပါးသည် စတီးတွင်တင်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။
စည်းကမ်းသည်လူ၏တန်ဖိုး...
လူတစ်ယောက်၏တန်ဖိုးကို အဲ့ဒီလူ ဘယ်လောက်စည်းကမ်းရှိသလဲ
ဆိုတာကြည့်ပြီး တိုင်းတာကြသည်။ ဒီလိုဆိုရင် စည်းကမ်းရှိယုံနဲ့
တန်ဖိုးရှိတဲ့လူဟု သတ်မှတ်လို့ရနိုင်ပါ့မလား.....?
ဒီမနက်စာရေးသူ ဗိုက်ဆာဆာနှင့် အုန်းနို့ခေါက်ဆွဲကို အငမ်းမရစားသောက်နေမိသည်။ မနက်စာကို ပုံမှန်ဆိုလျှင် ထမင်းဆီစမ်းနှင့် ကြက်ဥမွှေကြော်စားတက်လေ့ရှိပေမဲ့ ဘာစိတ်ကူးပေါက်မှန်းမသိပဲ အုန်းနို့ခေါက်ဆွဲ စားချင်စိတ်ရှိတာနှင့် တကူးတက မိမိ၏အဆောင်နှင့်
ဝေးသော နန်းရှေ့ရှိ အုန်းနို့ခေါက်ဆွဲဆိုင်သို့သွားရောက်
စားနေခြင်းဖြစ်သည်။ ကိုယ်စားချင်တာကို စားရသောကြောင့်လားမသိ အုန်းနို့ခေါက်ဆွဲ က တကယ့်ကိုအရသာရှိလှပေသည်။ ထို့သို့ စားလို့မြိန်နေဆဲမှာ ရုတ်တရက်စားတာကိုရပ်လိုက်ပြီး ကုန်အောင်မစားနိုင်တော့ပဲ ဆိုင်ရှင်ကို ငွေရှင်းကာထွက်လာလိုက်လေသည်။ ဘာလို့ကုန်အောင်ဆက်မစားတော့လဲဆိုတော့ အုန်းနို့ခေါက်ဆွဲ ထဲတွင် ဆံပင်တစ်မျှင်တွေ့လိုက်သောကြောင့်ဖြစ်သည်။ လမ်းမှာပြန်လာရင်းစဉ်းစားနေမိသည်။ လူတိုင်းက ကိုယ့်ခေါင်းက ဆံကေသာကို ဆေးရောင်စုံခြယ်သကာ အမြတ်နိုးတန်ဖိုးထားကြသည်။ သို့ပေမဲ့ ဆံပင်တစ်မျှင်လေးများ ဟင်းခွက်ထဲ ပါလာလျှင် အလွန်ရွံတက်ကြသည်။ အဘယ်ကြောင့်ဆိုသော် နေရာမှန်မဟုတ်သောကြောင့်ပင်ဖြစ်သည်။
ဒီလိုနှင့်ဆက်လက်ပြီး နေရာ၏ တန်ဖိုး အရေးကြီးပုံကို အတွေးဖောင်ဖွဲ့မိပြန်တော့သည်။
တန်ဖိုးဆိုသော စကားလုံးကို စာရေးသူ အတိကျဖွင့်ဆိုဖို့ မစွမ်းဆောင်နိုင်ပေ။ ကမ္ဘာပေါ်တွင်ရှိသော လူသားများအားလုံးသည်
တန်ဖိုးကိုယ်စီရှိကြမည်သာဖြစ်သည်။ " သူကတော့ အဆိုတော် သရုပ်ဆောင် မို့ တန်ဖိုးရှိတဲ့လူ " ။ သူကတော့ဖြင့် " လက်သမား၊ ပန်းရန် နေ့စား သမားမို့ တန်ဖိုးမရှိတဲ့လူ" ဆိုပြီး ခွဲခြားသတ်မှတ်လို့မရနိုင်ပါ။
အဆိုတော် အလုပ်ကို ပန်းရန်သမားက မလုပ်နိုင်သလို ၊ ပန်းရန်သမား
အလုပ်ကိုလည်း ထိုအဆိုတော်က လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုသို့ဆိုသော် တန်ဖိုးသည် နေရာမှန်ဖြစ်ဖို့လိုအပ်ပါသည်။
ကျွန်တော်တို့ သိပ်ပြီးကြိုက်လှပါတယ်ဆိုတဲ့ ရေမွှေးကို အစားသောက်ထဲတွင်ဖျန်းပြီး မစားတက်ပါ၊ ဘာလို့လဲ......?
နေရာမမှန်လို့ပဲဖြစ်သည်။ ထို့အတူ အရမ်းကြိုက်ပါတယ်ဆိုတဲ့
မုန့်ဟင်းခါး ဟင်းရည်လေးများ အင်္ကျီ
ပေါ်တွင်ပေကျန်သွားလျှင်
ချက်ချင်းသုပ်ပစ်ကြသည်။ ဘာလို့ပါလဲ.......?
နေရာမမှန်လို့ပဲပြောရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် တန်ဖိုးသည်
နေရာပေါ်မူတည်သည်ဟု ဖော်ပြနေပါသည်။ ယခုကဲ့သို့ သေးသေးမွှားမွှား နေ့စဉ်တဒူဝ လုပ်ငန်းဆောင်တာ များတွင်တောင်
နေရာ၏ တန်ဖိုးသည် အရေးကြီးလျှင် နိုင်ငံတော် အကြီးကဲ နေရာများတွင် တာဝန်ယူထားသူများသည်ပို၍ပင် အရေးကြီးလှပါသည်။
နေရာ၏တန်ဖိုး အရေးကြီးပုံနှင့်ပတ်သက်ပြီး မြန်မာ့သမိုင်းတွင်လည်း အများအပြားတွေ့ရှိရပါသည်။ အထင်သာဆုံးကိုပြရမည်ဆိုလျှင် ကျွန်တော်တို့ငယ်ငယ်က မြန်မာ့သမိုင်းတွင် သင်ခဲ့ရသော စောလူးမင်း အကြောင်းက နေရာ၏ တန်ဖိုးကို ထင်ဟပ်ပြသနေပါသည်။ စောလူးမင်းတွင် တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်ရန် အရည်ချင်းမရှိပဲ တိုင်းပြည်၏ ဘုရင်နေရာကို ယူခဲ့သောကြောင့် ထီးနန်းသက်စိုးမရှည်ပဲ ငယ်ကျွန်၏ လုပ်ကြံသက်ဖြတ်ခြင်းကိုပါခံခဲ့ရသည်။ ထိုကဲ့သို့ နေရာမမှန်ခဲ့ခြင်းကြောင့် သမိုင်းတွင် အဖြစ်ဆိုးတစ်ခု ကျန်ရစ်ခဲ့ရလေသည်။
ထို့ကြောင့် "ဒူးနေရာဒူး တော်နေရာတော်" ဆိုသလိုပဲ လူတစ်ယောက်၏ တန်ဖိုးသည်လည်း နေရာမှန်ဖို့ အရေးကြီးလှပါကြောင်းဆိုတာ တင်ပြရင်း ကျွန်တော်၏ အတွေးများကို အဆုံးသတ်လိုက်ရပါ
သည်။
ကိုကိုမိုးဟိန်း
KoKoMoeHein