ဆင်းရဲခြင်း နှစ်မျိုး
ဆင်းရဲမွဲတေခြင်း ဤစကားသည် ကျွန်တော်တို့ မြန်မာလူမျိုးနှင့် အစိမ်းစိမ်းသက်သက် ဖြစ်မည်မဟုတ်ပါ။ နေရာတိုင်းတွင် ဤစကားကို ကြားနေရသည်။ ဘ၀က ဆင်းရဲလိုက်တာ စား၀တ်နေရးက ကျပ်တည်းလိုက်တာ စသည့်ဖြင့် ငြီးတွားသံများကို ကြားနေရသည်။
သံယံဇာတ ပေါကြွယ်၀သော ကျွန်တော်တို့နိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံထဲတွင် ပါ၀င်နေပါသည်။ ဘာကြောင့် ကျွန်တော်တို့နိုင်ငံဆင်းရဲရပါသနည်း။ အားလုံးက အများအားဖြင့် စစ်အာဏာရှင် အုပ်ချုပ်မှု အောက်မှာ နေခဲ့ရသောကြောင့် ဆင်းရဲရတာလို့ ဖြေကြပါလိမ့်မည်။ မှန်ပါသည် ။ သို့သော် ဤအကြောင်းပြချက်တစ်ခုတည်းကြောင့်လော။ မဟုတ်ပါ။ ဆင်းရဲရခြင်း အကြောင်းနှစ်မျိုးရှိပါသည်။ သီရဂူဆရာတော်ဘုရားကြီးပြောသည်မှာ
ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်း ဆိုပြီး ရှိပါသည်တဲ့။
ချမ်းသာမှုကို လိုချင်လျှင် ရုပ်ပိုင်း ချမ်းသာခြင်း ပညာ ၊ စိတ်ပိုင်းချမ်းသာခြင်း သီလ တို့ လိုအပ်ပါသည်။
ပညာနှင့်သီလသည် အပြန်အလှန်အကျိုးပြုနေကြပါသည်။ ဤနှစ်မျိုးထဲက တစ်မျိုးချို့တဲ့နေလျှင် ဆင်းရဲရမည်သာဖြစ်သည်။ ပညာတွေ ဘယ်လောက်တက်တက် စာရိတ္တဆင်းရဲနေလျှင် လူရာ၀င်မည်မဟုတ်သလို၊ စာရိတ္တဘယ်လောက်ကောင်းကောင်း ပညာမတက်လျှင်လည်း လူတောတိုးနိုင်မည်မဟုတ်ပါ။
ဆရာတော်ဘုရား၏ စကားများကို ကျွန်တော့်ရင်ထဲတွင် မှတ်သားနာယူရင်း ကျွန်တော်တို့နိုင်ငံနှင့် နှိုင်းယှဉ်စဉ်းစားကြည့်မိပါသည်။ဟုတ်ပါသည် ကျွန်တော်တို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာချမ်းသာပြီး စိတ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းကြောင့် ကမ္ဘာတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပါသည်။ နေရာတိုင်းကို ကြည့်မိသည်။ ပညာနှင့် သီလ ပြည့်စုံရဲ့လား ။ လမ်းမပေါ်တွင် တစ်ခုခု အဆင်မပြေလျှင် အော်ဟစ်ကာ ဆဲဆိုကြသည်။ ကားသမားချင်းချင်း ၊ ဆိုင်ကယ်သမားအချင်းချင်း ၊ ခရီးသွားအချင်းချင်း အပြစ်တင်ကြသည်။ အခန့်မသင့်လျှင် လက်ပါကာ ရန်ဖြစ်ကုန်ကြသည်။
တစ်နေ့က စွယ်တော်မြတ်စေတီတော်ကို ၀င်ရောက်ဖူးမြော်ရင်း ကန်ဘောင်တွင် အအေးလေးသောက်ကာ ပန်းဖြေနေခိုက် ၁၀နှစ်သားအရွယ် ကောင်လေးရောက်လာပြီး ဦးဦး မုန့်ဖိုးတဲ့ ။ ကျွန်တော်လည်း သနားစရာလေးမို့ မုန့်ဖိုးပေးလိုက်သည်။ နောက်သိပ်မကြာပါ ကောင်လေးတစ်ယောက် ထပ်ရောက်လာပြန်သည်။ မုန့်ဖိုးပေးလိုက်ပြန်သည်။ ပြန်သွားသည်။ နောက်တစ်ယောက်ထပ်ရောက်လာပြန်သည်။ ပေးလိုက်ပြန်သည်။ ဒါနဲ့ ဆိုင်ရှင် ဒေါ်ကြီးက ဟဲ့ကောင်လေးတွေ နောက်ထပ်မလာနဲ့တော့ ပြောလိုက်မှ ထပ်ရောက်မလာကြတော့ပေ။ အဒေါ်ကြီးက ကျွန်တော့အားလှမ်းပြောသည်။ မောင်လေးရေ ဒီလိုပဲ ခြေလက်တွေကောင်းရဲ့သားနဲ့ လိုက်တောင်းရမ်းနေကြတာ သူတို့မိဘတွေရှိရဲ့သားနဲ့ ။ ကျွန်တော် မျက်လုံးပြူးသွားသည် မိဘတွေရှိသည်။ ခြေလက်တွေလည်းကောင်းရဲ့သားနှင့် ဘာကြောင့် ယခုလို လိုက်လံတောင်းရမ်းနေရသနည်း။ မိဘေတြကေရာ ဘာကြောင့် ခွင့်ပြုကြရသနည်း။ တောင်းစားတာ ရှက်စရာမလို ခိုးစားတာမှ ရှက်စရာလို့များ အယူမှားကို လက်ခံနေကြပါသလား။ မြန်မာတွေဟာ စာရိတ္တမဆင်းရဲကြပါ။ အလှူတန်းလုပ်တဲ့နေရာတွေမှာ ထိပ်ဆုံးဖြစ်သည်။ ဤစာရိတ္တကို အခွင့်ကောင်းယူပြီး မြန်မာလူငယ်လေးတွေ လမ်းမှာတောင်းရမ်းခိုင်းသည်ကိုတော့ ကျွန်တော်
သဘောမတွေ့လှပါ။ ဒီလိုတောင်းရမ်းနေတဲ့ လူငယ်လေးတွေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို မည်သို့ မှ ချမ်းသာအောင်လုပ်လို့ရမည်မဟုတ်ပါ။ အလုပ်ကြိုးစားသော ပညာတက်သော စာရိတ္တကောင်းမွန်သော မြန်မာလူငယ်များဖြင့်သာ ချမ်းသာသော နိုင်ငံကို တည်ဆောက်နိုင်ပေလိမ့်မည်မဟုတ်ပါလား။
ထို့ကြောင့် မိဘများအနေဖြင့် အဆင်းရဲဆုံးဆိုသော ဤအမွေဆိုးကြီးကို နိုင်ငံ၏ မျိုးဆက်သစ်များဖြစ်လာမည့် မိမိ၏သားသမီးများကို လက်ဆင့်မကမ်းသင့်တော့ပေ။ အတက်နိုင်ဆုံး အလုပ်ကြိုးစားသော ပညာတက်သော စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာစေဖို့ ပြုစုပျိုးထောင်ပေးကြဖို့ ဤဆောင်းပါးလေးဖြင့် အနူးညွတ် ဂါရ၀ပြုလိုက်ရပါသည်။
စတီးမစ်တွင် တင်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။
Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင်
Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
@myanmarkoko
Jul 17 20