ဒီဆောင်းပါးလေးကို ကျွန်တော် ၁၀ တန်းကျောင်းသားဘဝတုန်းက အိမ်နဲ့အဆင်မပြေဖြစ်ပြီး သွားမိသွားရာကနေ ခံစားခဲ့ရသော မိဘမေတ္တာကို ပြန်လည်ပုံဖော်ဖန်းတီးရေးသားလိုက်ခြင်းဖြစ်ပါသည်။ ဤသို့ ရေးသားခြင်းဖြင့်  မိဘကျေးဇူးအနည်းငယ်ဆပ်ခွင့်ရရင်ပဲ ကျေနပ်ပါပြီ....
နေသာ သောနေ့တစ်နေ့ ၊ မိုးသားတွေကင်းစင်ပြီး ကြည်လင်သောက်ပနေတဲ့နေ့၊ သို့ပေမဲ့ ချစ်ထူးအတွက်တော့ ထို့နေ့ဟာ ဒေါသမီးဟုန်းဟုန်းတောက်တဲ့နေ့။ မြင်သမျှအရာအားလုံးကို ပေါက်ခွဲပြီး ခပ်ကြမ်းကြမ်းအော်ဟစ်ပစ်လိုက်ချင်သည်။ အသက်ရှူလို့လဲမ၀ သက်ပြင်းတဟင်းဟင်းချရင်း တလောကလုံး ကိုသူမကျေနပ်၊ ဒီနေ့သူငယ်ချင်းတွေနဲ့ သွားလယ်မှာကို ခွင့်မပေးတဲ့သူ့အဖေကို သူမကျေနပ်၊ မွေး ပြီးရောဆိုပြီး အမြဲဈေးထဲမှာ ကုန်စိမ်းရောင်းရင်း အလုပ်ရှူပ်နေတက်တဲ့ သူ့အမေကိုသူမကျေနပ်၊ အငယ်ဆုံးလေးဆိုပြီး အမြဲ ဂရုစိုက် အယုယခံရတဲ့ သူညီကိုသူမကျေနပ်၊ တလောကလုံးမှာသူ့ထက်သာပြီး ပျော်ရွှင်သာယာနေတဲ့သူတွေအားလုံးကိုသူမကျေနပ်ပါ။
ဒီပြသနာအစက သူ့အဖေကစခြင်းဖြစ်သည်။ကျောင်းပိတ်ရက်မို့သူငယ်ချင်းမွေးနေ့မှာ ကျောင်းက သူငယ်ချင်းတွေအားလုံးစုပြီး KTV မှာသီချင်းဆိုရင်း ပျော်ပါးကြဖို့အားလုံးစီစဉ်ပြီးသားဖြစ်သည်။ သူ့အဖေက ခွင့်မပြု ကျောင်းပိတ်တုန်းအိမ်မှာအေးအေးဆေးဆေး အနားယူပြီးစာဖတ်ဖို့ အမိန့်ချမှတ်လိုက်သည်။ စိတ်ကူးနဲ့ပျော်နေသောသူ့အတွေးများ ရုတ်တရက်လွင့်ပျောက်သွားသည်။ချက်ချင်းဆိုသလို တိမ်ကင်းစင်ပြီး သာယာတဲ့နေ့ဟာ လည်း ပူလောင်အိုက်စက်တဲ့ နွေခေါင်ခေါင် ပျင်းစရားကောင်းတဲ့နေ့တစ်နေ့ဖြစ်သွားသည်။ ထိုနေ့ နေ့လည်စာသူမစား၊ ဆန္ဒပြတဲ့သဘော။သူ့အဖေကလည်းပြက်သည် မစားရင်မကျွေးနဲ့တဲ့၊ ဘယ်လောက်လူမဆန်တဲ့အဖေလဲ၊ စိတ်ထဲက မကျေနပ်ချက်ဖြင့် သူပြောလိုက်မိသည်(အသံမထွက်ပါ)။ တနေကုန် သူမပျော် မြင်မြင်သမျှဟာ စိတ်ချမ်းသာစရာတစ်ကွက်မှမရှိ။ သူ့အဖေကိုကြောက်လို့သာ စာဖတ်နေရသည်၊ စာတွေကိုသူမမြင်။ သူ့အဖေအလစ်မှာ အိမ်အပြင်ထွက်ဖို့သာ သူချောင်းနေသည်။ ကံကောင်းတယ်ဆိုရမလား ညနေစောင်းတွင် အဖေ့သူငယ်ချင်း စကားလေကြောရှည်သူ ဦးနီရောက်လာသည်။ ဧည့်ခန်းထဲမှာ ခုမှတွေ့ရသူတွေလို စကားသူတို့တွေလက်ဆုံကျနေသည်။ ချစ်ထူးအတွက်အခွင့်ရေး ကောင်းဖြစ်သည်။လက်လွတ်ခံလို့မဖြစ် နောက်ဖေးပေါက်က တိတ်တိတ်လေး ခိုးထွက်ခဲ့သည်။
ဘယ်ကိုသွားရမှာလည်းသူမသိ၊ သူသိတာကတော့ အိမ်နဲ့ဝေးလေကောင်းလေဆိုတဲ့အရပ်ဆီကိုပဲ။ သူ့အဖေအမိန့်ကိုအာခံပြီးထွက်လာတာ ဒါပထမဆုံးဖြစ်သည်။ ငယ်စဉ်တောင်ကျေးကလေးဘ၀တည်းက သူ့အဖေစကားတစ်ခွန်းအောက်မှာ ပြားပြားဝတ်ပြီး သူအသက်ရှင်လာခဲ့ရတာ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ စားလည်းအမိန့် သွားလည်းအမိန့် အိပ်လည်းအမိန့် ထလည်းအမိန့် နှင့် သူမွန်းကျပ်လှပါသည်။ တခါတလေ သူ့အဖေသြ၀ါဒတွေ ခြွေနေချိန်မျိုးတွင် ကျုပ်ကလေးမဟုတ်တော့ဘူးဟု ပြန်ပြောပစ်ချင်သည်၊ သို့ပေမဲ့ စိန်ဒူးဝါးလို လက်သံပြောင်တဲ့ သူ့အဖေလက်သီးကိုကြောက်လို့သာ သူမပြောရဲခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အခုတော့ အမိန့်မရှိ ချုပ်ချယ်မှု မရှိပဲ သွားနေရတာသူပျော်သည်။ အသက်ရှူဝလာသလိုခံစားရသည်။ ရှူး….လေကိုအ၀ကြီးသူရှူပစ်လိုက်သည်။ တော်တော်ကောင်းတဲ့လေပါလား?...။ အတွေးတစ်ခုဝင်လာတော့ သူ့ခြေလှမ်းတွေ တုန့်ခနဲရပ်သွားသည် တခြားမဟုတ် သူ့အဖေမျက်နှာကို မြင်ယောင်မိလိုက်ခြင်းကြောင့်ဖြစ်သည်။သူ့အဖေဒေါသကိုသူအသိဆုံး လှည့်ပြီးအိမ်ပြန်ရမလား၊ သူမပြန်ချင်ပါ။ ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။ ဟုတ်ပါပြီအိမ်မပြန်တော့ မင်းကဘယ်ကိုသွားမှာလဲ ချစ်ထူးသူ့ကိုယ်သူပြန်မေးမိသည်။ ဦးလေးအိမ်၊ အဒေါ်အိမ်၊ ရှိသမျှအိမ်တွေအကုန်စဉ်းစားသည်။ ဆွေမျိုးအိမ်တွေတော့မသွားချင်၊ ဘာလို့လာတာလဲလို့မေးနေမှခက်နေမည်။ အတွေးပေါင်းစုံနဲ့ သူပြာယာခက်နေတုန်း စက်ဘီးတစ်စီးက သူ့ဆီကပ်ပြီးမောင်းလာတာကို သူမြင်သည်။ မည်သူမှန်းသူမသိ။
"ဟေ့ယောင်….ချစ်ထူး"
ချစ်ထူးနာမည်ခေါ်သံကြားလို့ သေသေချာချာကြည့်မိမှ အတန်းထဲက စာတော်တဲ့ မောင်လွင်ဦးဖြစ်သည်။ သိပ်တော့သူနှင့်မခင်ပေ။ချစ်ထူးကစာမတော်သလို အညံ့ထဲလဲမပါ။ ထို့ကြောင့်စာတော်သူများနှင့် သိပ်မပါင်းဖြစ်ပါ။
"ဘယ်ကပြန်လာတာလဲ…".။ ဖော်ရွေစွာ လွင်ဦးကမေးသည်။
"အိမ်နဲ့အဆင်မပြေလို့ ခန ထွက်လာတာ"......။ချစ်ထူးအမှန်တိုင်းဖြေလိုက်သည် လိမ်စရာလည်းအကြောင်းမရှိ။
"ဟာ….မှောင်နေပြီ….မင်းကဘယ်သွားမလို့လဲ၊ အိမ်ပြန်ပါကွာ တော်ကြာ မင်းမိသားစုက စိတ်ပူနေလိမ့်မယ်"…။
"အိမ်တော့မပြန်ချင်တော့ပါဘူးကွာ ဒါပေမဲ့ဘယ်သွားရမှန်းမသိဘူး အိမ်မပြန်ချင်တာတော့အမှန်ပဲ"
"ဟာ ဘာတွေလျောက်လုပ်မလို့လဲ…."
"အေးကွာ ဘိုးတော်ကအပြင်မထွက်နဲ့ဆိုပြီးချုပ်ချယ်တယ်ကွာ၊ ငါကို သူငယ်နပ်စားကလေးကျနေတာပဲ……။ အဲ့တာ ဘိုးတော်လစ်တုန်းခိုးထွက်လာတာ"။
"မိဘတွေကတော့ ဒီလိုပါပဲ အသက်ဘယ်လောက်ပဲကြီးကြီး သူတို့မျက်စိထဲမှာ ကလေးလို့ ပဲမြင်တာကွ။ ဒီလိုလုပ်ကွာ မင်းသွားစရာမရှိဘူးဆိုရင် ငါတို့အိမ် တစ်ညလိုက်အိပ်ပေါ့ကွ။ မနက်ခင်း မင်းစိတ်ပြေပြီ ဆိုရင်တော့ အိမ်ပြန်ပေါ့ကွာ။ မင်းကိုဆိုးရိမ်လို့ပြောတာ ခုခေတ်ကာလက ညဘက်အပြင်ထွက်ဖို့ကောင်းတော့တာ မဟုတ်ဘူးကွ။"
ဟုတ်တော့ဟုတ်သည် ခုနေ သူဘယ်ကိုသွားရမှာလည်း၊ ဦးတည်ချက်လည်းမရှိ၊ ညနေမှောင်ရိပ်ကကြီးစိုးလာသည်။ သူကျောချမ်းသွားသည်၊ အိမ်ပြန်ရင်လည်း အဖေ့ကြိမ်လုံးက ဆီးကြိုနေမည်။ လျောက်သွားပြန်ရင်လည်း မတော်သရော်သူတွေနဲ့ တွေ့ရင်ဘယ်လိုလုပ်မလဲ။ တစ်နည်းတော့ရှိသည် သူ့အဖေကပြစ်ဒဏ်ကတော့သူမလွတ်နိုင်၊ ခုနေပြန်ရင်ဒေါသတဟောင်းဟောင်းနဲ့ ရိုက်ခံရတာထက်စာရင် မနက်အိမ်ပြန်ရောက်မှာ အကျိုးအကြောင်းရှင်းပြီး ပြောလျှင် အဖေနဲနဲစိတ်ဆိုးပြေရင် ပြစ်ဒဏ်က နဲနဲပေါ့နိုင်သည်။သူစိတ်ဆုံးဖြတ်ချက်ချလိုက်သည်။
"ကျွိ"…ဆိုသောစက်ဘီးဘရိတ်အုပ်သံနှင့်အတူ လွင်ဦးသို့ အိမ်ကိုရောက်သွားသည်။
"ဒါငါတို့အိမ်ပဲ" ….။လွင်ဦးက စက်ဘီးဒေါက်ထေက်ပြီး သူ့အိမ်ကိုကြွားသည်။ အိမ်ကသက်ကယ်မိုးနှင့် နှစ်ထပ်ပျင်ထောင်အိမ်ဖြစ်သည်။အပေါ်ထပ်ကိုတက်ရန် လှေကားကို လှလှပပလေး သစ်သားလက်ရန်းနှင့်လုပ်ထားသည်။သက်ကယ်မိုး အိမ်ဆိုပေမဲ့ သပ်သပ်ရပ်ရပ်ရှိသည်။ ခြံဝန်းက အရမ်းတော့မကျယ် အိမ်နောက်ဖေးနားတွင် တဲအိမ်သေးသေး သူမြင်သည်။ဘာအိမ်ဖြစ်မလဲ၊နွားချီးနံ့ရသည်။ နွားတင်းကုတ်ပဲဖြစ်မည်။အိမ်ထဲကိုမ၀င်ခင် စိတ်ထဲတစ်မျိုးကြီးခံစားနေရသည်။အစိမ်းသက်သက်လည်းဖြစ်၊ ပြီးတော့သူစိမ်းအိမ်မှာလိုက်နေဖူးတယ်ဆိုတာလည်း ဒါပထမဆုံး။ ထိုစိမ်းသက်နေသောစိတ်ခံစားမှုသည် ခနအတွင်းပျောက်ကွယ်သွားသည်။
"ဟာ....သားပြန်လာပြီ၊ သူငယ်ချင်းလည်းပါလာတာကိုး။
လာ….သားတို့အထဲကိုဝင်ကြ။ မိန်းမရေ ဒီမှာသားသူငယ်ချင်းတစ်ယောက်ပါလာတယ်။ကော်ဖီဖျော်ခဲ့ပါဦး။"
လွင်ဦးအဖေက နွေးထွေးစွာ ပြုံးပြီးဆီးကြိုသည်။ သူ့ရင်ထဲကျေနပ်သွားသည်၊ သူစိမ်းက ဆီးကြိုတာကို ပထမဆုံးခံရခြင်းဖြစ်သည်။ "အိမ်ကအဖေများနဲ့ကွာပေါ့"။
ဧည့်ခန်းဟုထင်ရသော အခန်းကျဉ်းလေးထဲတွင်သူတို့ထိုင်မိကြရင်း…
."အဖေဒါသားသူငယ်ချင်း တစ်တန်းထဲပဲ အလယ်ခေါ်လာတာ ဒီညအိမ်မှာအိပ်မှာ အဖေခွင့်ပြုနိုင်မလား"။ လွင်ဦးက သူ့အဖေကိုလေးလေးစားစား ခွင့်တောင်းသည်။
"သားအဖေကခွင့်ပြုလို့လား"
"ဟုတ်ခွင့်ပြုပါတယ်"။ ရုတ်တရက်သူလိမ်လိုက်မိသည်။ အဖေမသိဘူးဟုဆိုလျင် အိမ်ကိုပြန်ပြီးခွင့်တောင်းခိုင်းနေဦးမည်။
"အေး….ရပါတယ်ကွယ်၊မိဘက ခွင့်ပြုရင်ဒီမှပျော်သလောက်နေနိုင်တယ်။လွတ်လွတ်နေဟုတ်လား"
"ဟုတ်ကဲ့"။မိုးလွင်အဖေက ဧည့်ဝတ်ပြုပြီး ပြန်ထွက်သွားသည်။
ခုမှသူသတိထားကြည့်မိတယ် ဘေးနားမှာ ထမင်းစားစာပွဲရှိသည် ဧည့်ခန်းသက်သက် လုပ်ထားခြင်းမျိုးမဟုတ်ပဲ ထမင်းစားခန်းသဘောမျိုးပါလုပ်ထားခြင်းဖြစ်သည်။ အိမ်ကလည်းကျဉ်းတာကိုး။TV ရှိသည် ထားတဲ့စင်ကို သပ်သပ်ရပ်ရပ်လုပ်ထားသည်။ နံရံများတွင်တော့ အထုပ်များဟိုတစ်နေရာ ဒီတစ်နေရာ ချိတ်ထားသည်။
"သူငယ်ချင်းကိုယ့်အိမ်လိုသဘောထားနေကွာ ။ မင်းတို့အိမ်လောက်တော့မသားနားဘူးပေါ့ကွာ"။
မိုးလွင်အပြောကြောင့် သူနဲနဲမျက်လုံးပြူးသွားသည်။ သူငါ့အိမ်ကိုတောင်သိတယ်လား။
"မင်းငါတို့အိမ်ကိုသိတယ်လား"…။
"အေးသိတာပေါ့ကွ မင်းတို့ရပ်ကွက်ထဲ ငါနွားနို့လာပို့နေကျ။ မင်းအမေနဲ့တောင်ငါသိတယ်"။
အမေ့ကိုတောင်သိတယ်ဆိုပါလားသူနည်းနည်းအားနားသွားသည်၊သူ့ကိုကိုယ်ကကောင်းကောင်းမသိ။"ငါတော်တော်အသုံးမကျတာပဲကိုယ့်ပတ်ဝန်းကျင်ကိုတောင်စူးစမ်းလေ့လာမှုအားနည်းတာပဲ။နေဦး….အဲ့တာဆိုငါ့အမေဘယ်ဘက်ခြေထောက်မသန်တာ လွင်ဦးသိတယ်ပေါ့။ချစ်ထူးရှက်နေမိသည်။ သူ့အမေရုပ်ဆိုးတာကို သူဘယ်သူ့ကိုမှလည်း ဖွင့်မပြောဖူး ခုတော့ လွင်ဦးသိနေတယ်၊ ဒါဆို ငါတို့တတန်းလုံးသိကုန်ပြီလားမသိ"။တွေးရင်းနဲ့သူတော်တော်ရှက်လာသည်။
"သားကော်ဖီသောက်ဦးကွယ်"….။
"ကျေးဇူးပါ အဒေါ်…။
"သား….လွင်ဦးမဟုတ်တာတွေလုပ်ရင် အဒေါ့်ကိုတိုင်နော်"။
"ဟုတ်…အာ…..မဟုတ်တာ လွင်ဦးက အတန်းထဲမှာစာအတော်ဆုံးပါ။ဆရာမတွေကလည်းသူ့ကိုအရမ်းချစ်တာ"။
"အေးကွယ်….။ခုတော့ကောင်းနေပြီးတော်ကြာအပေါင်းသင်းမှားသွားမှာကိုပဲကြောက်တာ။သားတို့သူငယ်ချင်းနှစ်ယောက်ချစ်ချစ်ခင်ခင်နေကြနော် ဆရာ၊ ဆရာမ စကားကိုလည်းနားထောင်ကြနော်"။
"ဟုတ် အဒေါ်…".။
"အေးပါ….ကဲဒေါ်လည်း လုပ်စရာရှိလို့…သူငယ်ချင်းနှစ်ယောက်အေးဆေးစကားပြောနေခဲ့ကြဟုတ်ပြီလား"။
ကြည့်စမ်း လွင်ဦးအမေက ဘယ်လောက် ကျက်သရေလည်းရှိ ဘာဒဏ်ရာမှ မရှိဘူး။ ကြည့်လို့ကိုသူမ၀ဘူး။
ကော်ဖီချပေးပြီး လွင်ဦးအမေက မီးဖိုချောင်းထဲထွက်သွားသည်။လွင်ဦး အဖေနှင့်အမေက အရမ်းသဘောကောင်းကြသည်။ လိုလေသေးမရှိ ချစ်ထူးကိုဧည့်ခံသည်။ ချစ်ထူး ရင်ထဲမှာ နွေးထွေးသလိုခံစားရသည် ။ လွင်ဦးကတစ်ဦးတည်းသောသား သူ့အဖေမေကလည်း သူ့ကိုအရမ်းချစ်ကြသည်။ လွင်ဦးရဲ့ အဖေနှင့်အမေမျိုး ချစ်ထူးရချင်သည်။ ခုတော့ အိမ်ကအငယ်ကောင်ကိုသာ သည်းသည်းလုပ်ဖြစ်နေ ကြသည်။ချစ်ထူးကိုဂရုမစိုက်ကြဘူး၊ ချစ်ထူးချမ်းချမ်းသာသာနဲ့ မနေရရင်နေပါ။ လွင်ဦးလိုမျိုးတစ်ဦးတည်းသောသားမျိုးသာ သူဖြစ်ချင်သည်။အခုတော့ဖြင့် အိမ်က အငယ်ကောင်နဲ့ တခါတလေ ရန်ဖြစ်ရင်တောင် ချစ်ထူးပဲအမြဲအဆူ ခံရသည်။ အကြီးဖြစ်ပြီးအငယ်ကိုဦးစားမပေးဘူး။ အငယ်ကိုအနိုင်မကျင့်နဲ့…။စသောဘက်လိုက်သောစကား များဖြင့် ချစ်ထူးကိုမာန်မဲကြသည်။
"ငါက ညီလေးလိုချင်တာကွ"…။
"ဘာလို့လဲ....?ခုလိုတစ်ယောက်တည်း ဖေမေကလည်းချစ်ကြတာ ဘယ်လောက်သာယာလဲ"။
"ဘာဖြစ်ရမလဲ …..တစ်ယောက်ထဲအချစ်ခံရတာပျင်းဖို့ကောင်းတယ်။ ညီလေးရှိတော့အဖော်ရတယ်။ ဘာပဲဖြစ်လာဖြစ်လာ ငါက ငါ့ညီလေးရှေ့ မှာကာကွယ်မယ်။သူလိုတာအကုန်လုပ်ပေးမယ်၊မှားနေရင်ပြင်ပေးမယ်၊ သူအားကျအတုယူရမယ့် အကိုမျိုးပေါ့ကွာ"။
ချစ်ထူး လွင်ဦးကိုဘာမှပြန်မပြောနိုင်။ ငါ့မှာလွင်ဦးလိုအနှစ်နာခံနိင်တဲ့စိတ်မရှိဘူး၊ မေတ္တတရားမရှိဘူး။ ငါ ငါ့ညီကို ဘယ်တုန်းကများ ဦးစားပေးခဲ့ဖူးလဲ၊ တခါတလေ ညီလေးက အပြင်သွားမလို့ လိုက်ခဲ့ချင်တယ်လို့ ပြောတုန်းက မင်းခေါ်ခဲ့ဖူးလား၊ မုန့်တစ်ခုစားစရာရှိတိုင်း ကိုယ့်ရဲ့ ညီကိုခွဲဝေပေးခဲ့ဖူးရဲ့လား။ ကိုယ့်ညီကို တခြားသူကအနိုင်ကျင့်ရင်တောင် ကိုယ်ကတခြားသူဘက်ကအမြဲ။ ငါဘာလို့ အတ္တ တွေကြီးနေရတာလဲ၊ ဘာလို့ ကိုယ့်ညီကို မကာကွယ်ပေးခဲ့ရတာလဲ။ ငါ့ညီကတကယ်ဆို သနားဖို့ကောင်းပါတယ်။ ဟိုတနေ့ကပဲ ပုံပြင်စာအုပ်လေးကိုင်ပြီး အကိုညီလေးကို ဒီပုံပြင်လေးဖတ်ပြပါနော် လို့ဆိုခဲ့တုန်းက ဖတ်မပြခဲ့ဘူး။ ဂရုမပြုခဲ့မိဘူး၊ဖုန်းပဲပွတ်နေမိတာ၊ ဘေးနားမှာ ညီလေးကအိပ်ပျော်နေတာခွေခွေလေး။ ကြည့်မရလို့ အမေ့ကိုတောင်လာခေါ်ခိုင်းလိုက်သေးသည်။ သူပြန်စဉ်းစားရင်း မျက်ရည်ဝဲလာမိတယ်။ လွင်ဦးရဲ့ အမေသံကြောင့် သူပုံမပျက်အောင်ထိန်းလိုက်ရသည်။
"သားတို့လာ ထမင်းစားရအောင်"
"ဟုတ်မေမေ"
"လာ ထမင်းစားရအောင် ချစ်ထူး"
ချစ်ထူးတကယ်တော့ ဗိုက်မဆာပါ၊ ဘာဖြစ်နေမှန်းမသိ အိမ်ကမိဘတွေ မသိအောင်ထွက်လာခဲ့သည်ကို သူနောင်တရသလိုဖြစ်လာသည်။ ဘာဖြစ်ဖြစ် မဆာဘူးလို့ ငြင်းလို့မကောင်းပါဘူးလေ။
"လာစားကြ၊ အားမနာနဲ့နော်"
"ဟုတ်"။
"ဒါနဲ့သားနာမည်တောင်မသိရသေးဘူး"
"ချစ်ထူးပါ"။
"သားမိဘတွေကကော"
"အဖေက ဦးကြည်စိုးပါ။အစိုးရ၀န်ထမ်းအငြိမ်းစားပါ။
အမေကတော့ ဒေါ်အေးမွန်ပါ။ ဈေးရောင်းပါတယ်"။
ချစ်ထူးသူ့ အမေကြောင်းပြောပြတော့သူနဲနဲရှက်သွားသည်။
"အော်….ဒေါ်အေးမွန်သားလား မင်းအမေနဲ့ငါက အရမ်းရင်းနှီးတာ။ ဟိုတလောကတောင်ငါသူ့ ဆီရောက်ဖြစ်သေးတယ်"။
ဟာသွားပြီ အမေခြေထောက်သိပ်မသန်တာ သိပြီးရောပေါ့။ မင်းအမေခြေထောက်ကမသန်ဘူးနော်လို့ မပြောပါစေနဲ့ ။သူစိတ်ထဲကတွေးရင်းရှက်နေမိသည်။
"မင်းအမေက ခြေထောက်မသန်ဘူးမို့လား"
ဟာသွားပြီ။ သူအကြီးကြီးရှက်သွားသည်။ ဒါပေမဲ့နောက်ဆက်တွဲစကားကြောင့် သူနှလုံးသားကို လှံနဲ့ အစိမ်းလိုက်ထိုးလိုက်သလိုခံစားလိုက်ရသည်။
"အန်တီလည်းမင်းအမေလိုခြေထောက်မသန်ပဲဖြစ်ချင်လိုက်တာ"
"ဗျာ ဘာဖြစ်လို့လဲ ….အဒေါ်"
"ဘာဖြစ်ရမလဲ အဲ့တာ မင်းကြောင့်ပေါ့ကွယ်။ ဟိုတနေ့က ဈေးဝယ်သွားရင်း မင်းအမေနဲ့ တွေ့ခဲ့တယ်။ စကားတွေစပ်မိစပ်ရာ ပြောကြရင်း မင်းအမေခြေထောက်အကြောင်းကို မေးမိသွားတယ်။ မင်းငယ်ငယ်တုန်းကတဲ့ လွတ်လပ်ရေးမရခင် စပ်ကြား နိုင်ငံရေးမတည်ငြိမ်ဖြစ်တဲ့အချိန် ဓားမြတွေကလည်း သောင်းကြမ်းတာပေါ့။ ဒီလိုနဲ့  မင်းညီလေးမွေးပြီးမကြာခင် တစ်ညမှာပဲ မင်းတို့အိမ်ကို ဓားမြတွေဝင်စီးရော မင်းကတော့ အိပ်ယာထဲမှာ အိပ်နေတဲ့အချိန်ဖြစ်နေတာတဲ့ ။
ဒီလိုနဲ့ မင်းမိဘတွေက တုတ်တုတ်မလှုပ်ရဲဘူး။ ဓားမြတွေ ချိန်းချောက်မာန်မဲတဲ့အသံလည်းကြားရော မင်းကအိပ်ယာက လန့်နိုးပြီးအခန်းပြင်ဘက်ကို ပြေးထွက်လာတာတဲ့။ အဲ့ဒီချိန်မှာ ဓားမြတွေက လူစိမ်းတွေဝင်လာပြီထင်ပြီး ပစ်လိုက်တာ ဒါကိုမင်းအမေကမြင်တော့ဝင်ပြီးကာလိုက်တာ ကံကောင်းလို့သူ့ခြေထောက် ဘယ်ဘက်ကိုပဲမှန်သွားတာ ။ ဓားမြတွေလဲ ခလေးကိုမှားပစ်မိပြီဆိုတာသိတာနဲ့ ပြန်ပြေးသွားကြတာ။ သေနပ်သံကြားတာနဲ့ ရွာကလူတွေလည်းရုတ်ရုတ်သဲသဲ လာကြည့်မှ ဓားမြ၀င်စီးတာမှန်းသိကြပြီးဆေးရုံကို ပို့ကြတာ။ ကံကောင်းလို့ မင်းအမေ ခြေထောက်မဖျက်ပစ်ရတာပေါ့ကွယ်။ အဲ့နေ့က မင်းအမေက ဂုဏ်ယူဝံ့ကြွားတဲ့အသံနဲ့ သားအတွက်ဆိုရင် ဒီဘယ်ဘက်ခြေထောက်မှမဟုတ်ဘူးအသက်ကိုတောင် ပေးပစ်လိုက်မှာလို့ ပြုံးပြုံးကြီးပြောတာကွယ့်"။
***"ဗျာ…!!!!!!!!!!!!!!!"
ချစ်ထူးရင်ထဲကို မီးစနဲ့ ထိုးလိုက်လိုခံစားရသည်။ သွားပြီ…တစ်သက်လုံးသူ ရှက်ခဲ့သော သူ့အမေသည် အသက်ကိုတောင်ပေးပြီးသူ့ကို ချစ်ခဲ့သည်ဆိုတာ သူမသိခဲ့ခြင်းအတွက် နောင်တရသည်ဆိုတာထက် သူကိုသူ ရွံမုန်းမိသွားသည်။ သူသတိမထားမိလိုက်ချိန်မှာပဲ မျက်ရည်တို့က သူရဲ့ ပါးပြင်ပေါ်ကို အကန့်သတ်မရှိစီးကြလာလေတော့သည်။
"ငါမှားပြီး အကြီးကြီးမှားပြီ မှားပြီမှားပြီ"………………
ရုတ်တရက်သူထပြီး လွင်ဦးတို့ အိမ်ရဲ့ ထမင်းစားခန်းကထွက်သည် ။ လွင်ဦးမိဘတွေ ဘယ်လိုထင်ထင် သူဂရုမစိုက်နိုင်တော့ ထို့နောက် အိမ်ပြင်ဘက်ကို ထွက်သည်။ ထို့နောက်တွင်တော့ မရပ်မနားပြေးနေမိသည်။ သူဘယ်ကိုပြေးနေတာလဲ" အမေ့အိမ်" သူနှလုံးသားက ကျယ်လောင်စွာ ပြောလိုက်ခြင်းဖြစ်သည်။ သူမမောဘူး တောင်းကုန်းလမ်းတွေကိုပြေးတက်သည်။ ညကမှောင်မှောင် သူဘာမှကိုမမြင်တော့ အန္တရယ်တွေကိုလည်းသူ မကြောက်တော့ ၊ လမ်းထိပ်နားက ကြောက်စရာကောင်းတဲ့ လူမြင်ရင်လိုက်ဆွဲတက်တဲ့ ခွေးနက်ကြီးကိုလည်းသူမမြင်တော့။ ဟော ဟိုမှာတွေ့ပါပြီ တလောကလုံးမှာ အနွေးထွေးဆုံးသော၊ အလှုံခြုံဆုံးသော၊ ငြိမ်းချမ်းဆုံးသော အိမ်။ အမေရယ်၊ အဖေရယ်၊ ညီလေးရယ်ရှိနေတဲ့ အိမ်။ ဒီအိမ်ကြီးကနေ ဘယ်တော့မှထွက်မသွားတော့ဘူးလို့ သူကတိပြုလိုက်သည်။
ထိုနေ့ညကချစ်ထူးအဖေက ကြိမ်လုံးပစ်ဒဏ်မပေးခဲ့ပါ။ဒါဆိုအဲ့ဒီနောက်ဘာဖြစ်ခဲ့ပါလည်း။ မိသားစုလေးယောက်လုံး အတူတူနှစ်နှစ်ခြိုက်ခြိုက်အိမ်ခဲ့ကြသည်။ ချစ်ထူးကတော့ သူ့အမေကို သူ့ညီလေးထက် ပိုမိုတင်းတင်းကျက်ကျက် ဖက်ပြီးအိပ်ပျော်သွားခဲ့ပါသည်။ ထိုနေ့ညဟာတော့ ချစ်ထူးအတွက် တဘ၀လုံးမှတ်မိနေမဲ့ည၊ ညရောက်တိုင်း ထိုနေ့ညကို သတိရနေမဲ့ည ပဲဖြစ်ပါတော့သည်။
Photo credti >> Google
ကိုကိုမိုးဟိန်း(သစ်အယ်သီး)
MSC NO.118