စတီးမစ်ပေါ်မှာ ဝတ္ထုတိုလေးတွေ ရေးနေတုန်းက
ဤဆောင်းပါးကို တင်ခဲ့ခြင်းဖြစ်ပါသည်။ အဲ့ဒီတုန်းက
တော့ သည်ပို့စ်ဟာ 1$ကျော်လောက်ရခဲ့ပါသည်။
စျေးဆက်တိုက် ကျနေသည့် အချိန်ဖြစ်သည်။ အရင်ကဆိုလျှင် 4$လောက်ထိရရှိခဲ့တာကြောင့်
1$ကျော်လေးသည် ကျွန်တော်တို့ အာသာကို
မဖြေနိုင်ခဲ့ပေ။ ယခုမှာတော့ ထို1$ကျော်လေးသည်
အဖိုးမဖြတ်နိုင်တော့ပေ...
ငိုပါရစေ...
မိုးစက်တွေကြွေတဲ့ည
တိမ်တွေ ငိုတဲ့ည
ငါ့ရင်တွေ ပူတဲ့ည
ယုံကြည်ထားတာက ထာ၀ရ
သူပေးခဲ့တာက သင်္ခါရ
အပေးနဲ့အယူ မညီမျှတဲ့အခါ
လမ်းခွဲစာတစ်စောင်ပေါ်
ငါ့မျက်ရည်တွေ ကြွေကျခဲ့ရပေါ့
ဒါအသည်းကွဲခြင်းလား
ငိုနေရင်းနဲ့ ထရယ်မိ
ရယ်နေရင်းနဲ့ ထငိုမိ ။
တောက်ခေါက်သံတစ်ချက်ရဲ့နောက်မှာ အဓိပ္ပာယ်ရှိစွာ
မှန်တစ်ချက်ကွဲသွားခဲ့တယ်ဆိုရင်
ဒီလိုပဲ မင်းရဲ့ရိုးအီခြင်းတွေနောက်မှာ
အဓိပ္ပာယ်ရှိစွာပဲ ငါအသည်းကွဲခဲ့တယ်
ရွာနေတဲ့မိုးကပြောတယ်
မိုးသားတိမ်စိုင်တွေ မရှိတော့ရင် ငါဟာဘာမှ မဟုတ်ဘူးတဲ့
ဒီတော့ ငိုနေတဲ့ ငါ့မျက်ရည်တွေကလည်းပြောလိုက်တယ်
သူရှိရင် ငါငိုရမှာ မဟုတ်ဘူးတဲ့ ဒါကြောင့်
ငါ၀အောင်ငိုပါရစေတဲ့လေ
ကိုကိုမိုးဟိန်း(သစ်အယ်သီး)
မိုးသည်း၀တ္ထုကို ဆက်ရေးဖို့ ကျွန်တော့်စိတ်ကို အမြည်းကြွေးလိုက်တယ်။ ငိုပါရစေ တဲ့ ကဗျာမဟုတ် ၊ စာမဟုတ်၊ ဘာမှန်းမသိတဲ့ စာသားတွေဟာ ရင်ဘတ်ထဲမှာ သော့ခက်သိမ်းထားတဲ့ ကြားက ခုန်ထွက်လာခဲ့တယ်။ မှတ်သားထားဖို့ မကောင်းတဲ့ အတိတ်တွေက နှလုံးအိမ်မှာ ဘယ်အချိန်ကတည်းက ခိုကပ်နေခဲ့မှန်းမသိဘူး။ မိုးရွာရင်တော့ သူတို့တွေက ကိုယ်ထင်လာလာပြတက်ကြတယ်။ ထားပါတော့ အတိတ်ဆိုတာ သိပ်ပြီးခံစားလို့ကောင်းတဲ့အရာမှ မဟုတ်ပဲ ။ ခေါင်းကိုခါရမ်းပြီးထုတ်ပစ်လိုက်တယ်။
မိုးသည်းအဆက်ကို ဆက်ရေးဖို့အာရုံမရတာကတစ်မျိုး ၊ အလုပ်များနေတာကတစ်မျိုးနဲ့ ဘယ်လိုမှ မရေးဖြစ်ဘူး။ ဒီနေ့တော့ အလုပ်က နေ့တစ်ပိုင်းနားရတော့ မိုးသည်းအဆက်ကို ဆက်ရေးမယ်ဆိုပြီး ဘောပင်ကိုင်ထားတာ ၁၅မိနစ်လောက်ကြာသွားတယ်။ ခေါင်းထဲကဘာမှထွက်မလာဘူး။ ထွက်မလာဘူးဆိုတာကလည်း ဇာတ်အိမ်မရှိလို့ မဟုတ်ပါဘူး ။ ဇာတ်အိမ်က တည်ထားပြီးသား။ အဲ့ဒါကို ရေးဖို့စဉ်းစားမရတာနဲ့ ခေါင်းထဲပေါ်လာသမျှရေးလိုက်တာ ။ ပေါ်လာသမျှဆိုပေမဲ့လည်း ၈နှစ်ကျော်က သိမ်းထားခဲ့တဲ့ အတိတ်တစ်ချို့က ပေါ်လာလို့ရေးဖြစ်သွားတာပါ။ ကောင်မလေးတစ်ယောက်အကြောင်းပေါ့။။။
၉တန်းဆိုတဲ့ ကျောင်းသားအရွယ်က စိတ်ကစားတက်တဲ့ အရွယ်မို့ ၁၀တန်း ကျောင်းသူလေးကို သွားပြီးချစ်မိခဲ့တာပေါ့။ သူမက ကျွန်တော်တို့အိမ်ဘေးကပ်လျှက်ကပါပဲ။ ပထမတော့
သူမကို သတိမထားမိဘူး။ သတိမထားမိခဲ့တာကလည်း ကျွန်တော်တို့မိသားစုက အဲ့ဒီရပ်ကွက်ထဲကို ပြောင်းရွေ့ခဲ့တာမှ မကြားသေးပဲကိုး။ နောက်တော့ အိုးချင်းထားအိုးချင်းထိ ၊ ကြိုးချင်းထားကြိုးချင်းညှိ ဆိုသလို သူမအပေါ် စိတ်ကစားမိခဲ့ပါတော့တယ်။ ကောင်မလေးက ပွင့်ပွင့်လင်းလင်း ပဲပြောပါတယ်။ သူမက ရည်းစားများတယ်တဲ့ ခံနိုင်ရည်ရှိရင်တော့ ရည်းစားဖြစ်နိုင်ပါတယ်တဲ့လေ။ ကျွန်တော်လည်းစုံစမ်းကြည့်တော့ သူမဟာ အမှန်တကယ်ပဲ ရည်းစားပွေရှုပ်သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အဲ့တော့ ကျွန်တော့်စိတ်ကို ပြန်ပြီး ထိန်းချုပ်ခဲ့ပါသေးတယ်။ ထိန်းချုပ်လို့ မရေတာ့ပါဘူး အချိန်လွန်သွားခဲ့ပါပြီ။ သူမဟာ ကျွန်တော့်စိတ်အာရုံကို အမြဲစိုးမိုးထားနှင့်ပြီမို့ သူမနှင့်ကျွန်တော် ရည်းစားဖြစ်သွားခဲ့ပါတော့တယ်။
ရည်းစားဖြစ်ပြီဆိုတော့ ချစ်သူကောင်လေးတစ်ယောက်နေနဲ့ ကိုယ့်ချစ်သူကို ကိုယ်ပဲပိုင်ချင်တဲ့ လောဘ ရှိလာခဲ့ပြီလေ။ ကျွန်တော့်အပြင် သူမဟာ တစ်ခြားကောင်လေးတွေနဲ့ ချိန်းတွေ့တယ်ဆိုတဲ့ သတင်းတွေ ကြားတော့ ကျွန်တော်ဒေါသမီးဟုန်းဟုန်းတောက်တော့တာပေါ့။ သူမက ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့် ရင်ဘက်ကို ဓားနဲ့မွန်းလိုက်သလိုပါပဲ။ ငါအစကတည်းကပြောခဲ့သားပဲ ငါကရည်းစားများပါတယ်လို့ ။ ကယ် ကိုယ်တော်ချာ ဘာတက်နိုင်သေးလဲ။ ငါးပါးကိုမှောက်ရော။ အချစ်ဦးတို့မည်သည် ကိုယ်ပဲ နံပက်တစ် ဖြစ်ချင်တာ ။ ဘယ်မုန့်မှ ဝေမစားဘူး ဆိုတဲ့ ကျွန်တော့် အတ္တ တွေလည်း မြောင်းထဲရောက်ကုန်တော့တာပဲ ။ နံပက်တစ်ဖြစ်ချင်ပေမဲ့ ကိုယ့်နံပက်က ၁၁ လောက်မှာချိတ်နေခဲ့တော့ ကိုယ့်ရဲ့စိတ်ကိုလျော့ပြီး သူမပြုသမျှကို နုခံခဲ့ရပါတော့တယ်။ သိပ်မကြာ
ပါဘူး သူမဘက်ကနေ လမ်းခွဲစာတစ်စောင် ပေးပြီး ကျွန်တော့်ကို ဖြတ်သွားခဲ့တယ်။ ဒီမှာပဲ ကျွန်တော်တို့ ဇာတ်လမ်းပြီးသွားခဲ့တာပေါ့။
အခု ငိုပါရေစ ဆိုတဲ့ ခံစားချက်စာစုလေးက အဲ့ဒီညက ခံစားခဲ့ရတာတွေကို ပြန်လည်တူးဖော်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ အခုလို ဘာရေးမှန်းမသိပဲ ရေးမိတာကို စိတ်ရှည်ရှည်နဲ့ ဖတ်ပေးခဲ့တဲ့ စတီးမစ်ပေါ်မှ ညီကိုမောင်နှမ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ. ။
Jul 22 20
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko