ယခင်က စတီးမစ်တွင် အဖေနဲ့အမေမှမရှိတာ ခေါင်းစဥ်ဖြင့် ဤဆောင်းပါးကို တင်ခဲ့ခြင်းဖြစ်ပါသည်။ ယခု ပြန်ဖတ်ရသောအခါ
မိမိရေးသားခဲ့တာရော ဟုတ်၏လောဟု မေးခွန်းထုတ်
မိပါသည်။ ယခုတော့ ခေါင်းစဥ်အသစ်ဖြင့် ပြန်လည်
တင်လိုက်ရပါသည်။ အရေးသားနုနယ်သေးစဥ်ခါက ရေးသားခြင်း
ဖြစ်သောကြောင့် အစီစဥ်မကျဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တစ်စုံတစရာ ဖြည့်စွပ်ခြင်းမရှိပဲ မူလအတိုင်းသာ တင်လိုက်ခြင်းဖြစ်ပါသည်။
နေတက်ပြီလား?
ဇွန်လ (၁) ရက်နေ့မှာ တစ်နိုင်ငံလုံးတွင် ကျောင်းများပြန်လည်
ဖွင့်ခဲ့ပြီဖြစ်တယ်။ ကျောင်း (၃) လပိတ်ခဲ့သောအချိန်တွင် ကျောင်းသူ
ကျောင်းသားများအားလုံး အေးအေးဆေးဆေး အနားယူ အပန်းဖြေခဲ့
ပြီး မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကိုလည်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြရ၍ နှစ်သစ်မှာ စိတ်သစ်၊ ကိုယ်သစ်၊ အားအင်သစ်တွေ
မွေးမြူနိုင်ခဲ့ကြပေလိမ့်မယ်။ တစ်နွေလုံး ခြောက်ကပ်ကပ်နှင့် အထီးကျန် အသက်မဲ့နေခဲ့သော ကျောင်းတော်ကြီးသည်လည်း
ပြန်လည်စိုပြေကာ အသက်ဝင်လာခဲ့လေပြီ။ ဆရာ၊ ဆရာမ နှင့်
ကျောင်းသားကျောင်းသူများအားလုံးမှာလည်း ပြန်လည်ဆုံတွေ့ကြကာ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြရင်း အရင်နှစ်က
ရယ်စရာ အဖြစ်အပျက်တွေကို အားရပါးရ မနားတမ်း ပြောဆိုကာ
ပြိုင်တူ ရယ်မောနေကြပါလိမ့်မယ်။
ကားလမ်းမများ ပေါ်တွင် အဖြူစိမ်းဝတ်စုံလေးတွေနဲ့ ကျောင်းသို့
သွားနေကြသော ကျောင်းသူကျောင်းသားများကို မြင်၍ ကျွန်တော်ငယ်ငယ်က ကျောင်းစတက်ခဲ့ရတဲ့နေ့ကို ပြန်ပြောင်းသတိရမိလေတော့တယ်။
အဲ့ဒီနေ့မနက်ခင်းက...။
မိုးကဖွဲဖွဲလေးကြနေသည်။ အစ်ကိုနဲ့အစ်မရဲ့
လက်ကိုတွဲကာ
ကျောင်းသို့သွားသည်။" ကျောင်းဆိုတာ ဘာမှန်းမသိ အဖေနဲ့အမေက
ခနခနပြောလို့သာ ကြားဖူးတယ် ကျောင်းဆိုတာ ပျော်စရာတွေရှိတဲ့
ကစားကွင်းလိုမျိုးထင်တယ် " ကလေးတွေးတွေးရင်း ပျော်နေခဲ့မိသာတော့ အမှန်ပင်။ ကျောင်းရောက်တော့ ကျွန်တော်ထင်သလိုမဟုတ်ခဲ့ပေ။ ဘာလို့လဲဆိုတော့ ကျောင်းက
ကစားကွင်းလိုပျော်စရာတွေမရှိ ကြီးမားတဲ့ အဆောက်အုံနဲ့ အခန်းတွေသာရှိသည်။ အစ်ကိုနဲ့အစ်မက ကျွန်တော်နေရမဲ့အခန်းကို
လိုက်ပို့ပြီး လိမ္မာနေခဲ့ဖို့ ပြောပြီး ထွက်သွားတယ်။ အစ်ကိုနဲ့အစ်မ
ဘယ်ထွက်သွားတာလဲမသိပေ။ ကျွန်တော်ထင်ခဲ့တာက ကျောင်းမှာ အစ်ကိုနဲ့အစ်မနဲ့ အတူတူနေရမယ်လို့ ထင်ခဲ့တာ။ အခန်းကျင်းလေးထဲမှာ ကိုယ်မသိတဲ့ ကိုယ်လိုကလေးတွေနဲ့ အတူတူထိုင်ရင်း ကျွန်တော်ဝမ်းနည်းလာတယ် အရာအားလုံးဟာ အစိမ်းသက်သက်
ကျောင်းမှာ ကိုယ်လိုချင်တာ ဂျီကြလို့ရတဲ့ အဖေနဲ့မေလည်းမရှိ၊ ကိုယ့်ကိုအရမ်းချစ်တဲ့ အစ်ကိုနဲ့အစ်မကလည်း တခြားနေရာမှာ၊ ဘေးနားက ကလေးတွေကလည်း မျက်နှာစိမ်းတွေ ကျွန်တော်
မပျော်ပါဘူး ဒါပေမဲ့ ငိုတော့မငိုခဲ့ပေ။
အလိုလိုမှ စိတ်ကသိမ်ငယ်နေရတဲ့ကြားက"အားလုံးတိတ်စမ်း "
ဆိုပြီး မျက်နှာစူပုပ်ပုပ်နဲ့ ဆရာမက စားပွဲခုံကို အားရပါးရ ဒုတ်နဲ့ရိုက်လိုက်တာ...၊ ကျွန်တော့်မှာ ကြောက်လွန်းလို့
ရှူးရှူးတွေထွက်မတက်ပါပဲ။ ဘာလို့လဲ...၊ ဒီလိုအခန်းကျင်းထဲမှာ
ပြွတ်သိပ်နေအောင် ထိုင်ရပြီး စကားလည်းပြောလို့မရဘူး။ ပြီးတော့
မျက်နှာဆိုးနဲ့ဆရာမက မဲမဲပြားကြီးပေါ် ရေးချင်တာတွေရေးပြီး
နောက်ကလိုက်ဆိုခိုင်းတယ်။ ဘာတွေမှန်းကိုမသိပါဘူး။ အခုလို
ကန်သတ်ချုပ်ခြယ်ထားတဲ့နေရာကြီးမှာ ကျွန်တော်မပျော်ပေ။
ဒီလိုနဲ့ ကလေးဆိုတော့ ကျောင်းဘယ်ချိန်ဆင်းမယ်မသိ၊ အခုနေများ
အိမ်ကိုပြန်ပြီး အဖေနဲ့အမေရဲ့ ရင်ခွင်ကြားထဲတိုးဝင်ကာ လိုချင်တာတွေပူဆာပစ်လိုက်ချင်သည်။
ဘာသံလဲမသိပါဘူး "ကလင်ကလင် " ဆိုပြီးကြားလိုက်ရတယ်။
ရေခဲချောင်း ရောင်းတဲ့အသံလို့ ထင်တာပဲ။ အဲ့ဒီအသံလည်းကြားရော
မျက်နှာဆိုးနဲ့ဆရာမက "ကဲ... အားလုံးပြန်လို့ရပြီ" လို့ပြောလိုက်တော့ ကျွန်တော့်မှာ ပျော်လိုက်တာ ပျော်လွန်းလို့
အခန်းအပြင်ဘက်ကိုအရင်ဆုံးပြေးထွက်ခဲ့မိတယ်။ အခန်းပြင်မှာအသင့်စောင့်နေတဲ့ အစ်ကိုနဲ့အစ်မ ကိုပြေးပြီးဖက်လိုက်တယ်။ အိမ်ရောက်တော့ အဖေနဲ့အမေက
ကျွန်တော့်ကို တစ်လှည့်စီ ပွေ့ချီနမ်းကြတာပေါ့။ ပြီးတော့အဖေကမေးတယ်။
"ကျောင်းတက်ရတာပျော်လား သားလေး "တဲ့
ကျွန်တော့်ကလည်း ကလေးတို့သဘာဝ မလိမ်တက်သေးတော့
" မပျော်ပါဘူး "လို့ ဖြေလိုက်တယ်။
အမေက ဘာလို့လဲ မေးတော့
" ကျောင်းမှာ အဖေနဲ့အမေမှမရှိတာ" တာလို့ဖြေလိုက်တယ်။
ကျွန်တော့အဖြေလည်းကြားရော အဖေနဲ့အမေက သဘောကျစွာ
ရယ်နေတော့တာပေါ့။
တကယ်ပါ နောက်နေ့ကစပြီး ကျောင်းသွားရတော့မယ်ဆိုရင်
ကျွန်တော်ငိုခဲ့ပါတယ်။ မှက်မှက်ရရ ကျောင်းမသွားချင်လို့ တံခါးနောက်မှာ တိတ်တိတ်လေး ပုန်းနေခဲ့ဖူးတယ်။
ကျောင်းသွားရတာ ကျွန်တော်မပျော်ပါဘူး ဘာလို့လဲဆိုတော့
ကျောင်းမှာ အဖေနဲ့အမေမှမရှိတာ...။
ဟုတ်ပါတယ် ငယ်ငယ်တုန်းက အဖေနဲ့အမေ မရှိရင် ကျွန်တော်တို့
မနေတက်ခဲ့ကြဘူး။ ယခုတော့ ဘဝဒဏ်တွေခါးစီးခံခဲ့ကြပြီး
အိုမင်းမစွမ်း ဖြစ်လာတဲ့ အမိနှင့်ဖ ကရော ကျွန်တော်တို့မရှိရင် နေတက်ကြပါ့မလား...?
အဲ့ဒီချိန် ကလေးဘဝတုန်းက ကျွန်တော်တို့အတွက်
လိုတရ မိဘရင်ခွင်ဟာ အလှုံခြုံဆုံး၊ အပျော်ရွှင်ဆုံး မှီခိုရာကြီးဖြစ်ခဲ့တယ်။ အခုတော့။ လူလားမြောက်လို့ အတောင်စုံကြတဲ့အခါ အဲ့ဒီမှီခိုရာကြီးကနေ ထွက်ခွာပြီး
နေရာသစ်မှာ ကျင်လည်ရင်း ၊ရုန်းကန်လှုပ်ရှားနေကြရင်း
အိုဟောင်းနေပြီဖြစ်တဲ့ မှီခိုရာ အမိနဲ့ဖ ကိုမေ့နေခဲ့ကြတယ်။
ဒါပေမဲ့....၊
အဲ့ဒီအိုဟောင်းနေတဲ့ မှီခိုရာ သစ်ပင်ကြီးနှစ်ပင်ကတော့
ကျွန်တော်တို့ကို နွေးထွေးမှုတွေ ပျော်ရွှင်မှုတွေ အေးချမ်းမှုတွေပေးဖို့ အစဉ်မြဲ မျော်လင့်နေပါတယ်ဗျာ ....။
ကိုကိုမိုးဟိန်း
KoKoMoeHein