မျှော်လင့်မိသမျှ ...

မျှော်လင့်မိသမျှ ... ကောင်လေးတစ်ယောက် ၊ ဆယ်တန်းကျောင်းသား အသက်ရွယ်အားဖြင့် ၁၆နှစ် ၊ ပိန်ပိန်ပါးပါး၊ ဆံပင်ဘေးခွဲနှင့် ဂီတကို ချစ်မြတ်နိုးသူကောင်လေးတစ်ယောက်ဖြစ်သည်။ ညနေခင်း ညီအစ်ကို မသိတသိအချိန်မှာ ငြိမ်သက်ခြင်းတွေ သယ်ဆောင်လာမဲ့ ညအမှောင...

5 years ago, comments: 4, votes: 9, reward: $0.23

မျှော်လင့်မိသမျှ ...

ကောင်လေးတစ်ယောက် ၊ ဆယ်တန်းကျောင်းသား အသက်ရွယ်အားဖြင့် ၁၆နှစ် ၊ ပိန်ပိန်ပါးပါး၊ ဆံပင်ဘေးခွဲနှင့် ဂီတကို ချစ်မြတ်နိုးသူကောင်လေးတစ်ယောက်ဖြစ်သည်။ ညနေခင်း ညီအစ်ကို မသိတသိအချိန်မှာ ငြိမ်သက်ခြင်းတွေ သယ်ဆောင်လာမဲ့ ညအမှောင်ကို သူ့ဂစ်တာသံလေးနှင့် ဆီးကြိုလေ့ရှိသည်။ လသာသော ညမျိုးဆိုလျှင် ကောင်လေး၏ ဂစ်တာသံနှင့် သီချင်းသံက ပိုမိုအသက်၀င်လှသည်။ ကောင်လေးကိုယ်တိုင်ကလည်း လမင်းကြီးကိုကြည့်ကာ ဂစ်တာတီးပြီး သီချင်းဆိုရသည်ကို ပိုမိုနှစ်သက်သည်။

ဂစ်တာကို ချစ်တဲ့ကောင်လေးရဲ့ဘ၀ဟာ သူတီးခက်လိုက်တဲ့ ဂစ်တာသံလို မသာယာပေ။ ညနေပိုင်းကျောင်းဆင်းလျှင် အများသူငှာ ရွယ်သူကောင်လေးများကဲ့သို့ လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး၊ ကောင်မလေးတွေ လို်က်ပြီး ပိုးပန်းတာမျိုး ကောင်လေး အချိန်မဖြုန်းနိုင်ပေ။ ထင်းခွဲ၊ ရေခပ်၊ အိမ်မှာ စီးပွားဖြစ်မွေးထားတဲ့ ၀က်မအတွက် ၀က်စာသယ်တာမျိုး စသဖြင့် အိမ်အလုပ်များကို ကောင်လေးကူညီလုပ်ကိုင်ပေးရသည်။ ထိုကဲ့သို့ အိမ်အလုပ်များ ကူလုပ်ပြီးစီးချိန်မှာ လမွန်းတဲ့လေပြီ။ (ညမှသာအလုပ်ပြီးစီးသောကြောင့်) ကျောင်းပိတ်ရက်များတွင်လည်း မိခင်ထမင်းချက်နိုင်ဖို့ ကောင်လေးခြေထောက်တွေ တောထဲကို ထင်းရှာထွက်ရသေးသည်။ ဘ၀သမားလေးမို့ အပေါင်းသင်းလုပ်ချင်သူများကမရှိပေ။ ကောင်လေးအတွက်အဖော်ဆို၍ ဂစ်တာလေးနှင့် ညအမှောင်ကသာ သူ့အတွက် အကောင်းဆုံးအဖော်များဖြစ်ကြသည်။ သို့သော် ကောင်လေးသူ့ဘ၀ကို ကျေနပ်သည်။ အပြစ်တင်ခြင်းမရှိသလို စိတ်ပျက်အားငယ်ချင်းလည်းမရှိပေ။

ထိုကဲ့သို့ အပူပင်မရှိသော ကောင်လေးသည် ကောင်မလေးတစ်ယောက်ကို စတင်ချစ်မိရာ သူ၏ငြိမ်းချမ်းသော ဘ၀လေးသည် ပူလောင်လာပါတော့သည်။ ထိုကောင်မလေးမှာ ပန်းနုရောင် ဖိနပ်အမြဲစီးတက်သောကြောင့် ပန်းနု ဟုကောင်လေးက ချစ်စနိုးလေးနာမည်ပေးမိလိုက်သည် ပန်းနုမှာ ကောင်လေး၏ တစ်ရပ်ကွက်တည်းက ဖြစ်ပြီး ပိုးပန်းနေသော ရွယ်သူကောင်လေးများကလည်း ၀ိုင်း၀ိုင်းလည်လျှက်ရှိသည်။ ပန်းနုဆိုတဲ့ကောင်မလေးကို စတင်ချစ်ခဲ့မိသည့်အချိန်ကစပြီး ညည ကောင်လေးဆိုသည့် သီချင်းတွေက ပန်းနုအတွက်ဆိုပြီး မျှော်လင့်ခြင်း တစ္စ လင်းလက်ခဲ့ပြီပေါ့။
ပန်းနုကလည်း ကောင်လေး မိမိအားချစ်နေသည်ကို ရိပ်မိသည်။ ကောင်လေးနှင့် လမ်းမှာ တွေ့လျှင် ပန်းနုက မခို့တရို့လေးပြုံးပြသည်။ ကောင်လေးကလည်း ပြန်လည်ကာ ရှက်ပြုံး ပြုံးပြတက်သည်။ ထို့နောက် သိပ်မကြာခင်မှာပဲ ကောင်လေးက ပန်းနုကို ချစ်စကား ဆိုလိုက်ပြီး ပန်းနုက အဖြေပြန်ပေးမဲ့ နေ့ကို ချိန်းချက်လိုက်လေသည်။

ညတစ်ညမှာဖြစ်သည်။ ခိုက်ခိုက်တုန်အောင်ချမ်းသည့် ဆောင်းညတစ်ညတွင် ရပ်ကွက်ထဲတွင် မီးပုံပွဲလေးကျင်းခဲ့သည်။ ရွာထဲရှိ ကလေး၊ လူကြီးအားလုံး ထိုပွဲလေးသို့ လာရောက်ဆင်နွဲခဲ့ကြသည်။အများဆုံးလာရောက်ကြသူများကတော့ အပျိုပေါက်စ၊ လူပျိုပေါက်စများဖြစ်ကြပြီး အတောက်ပြောင်ဆုံး အ၀တ်စားများကို ၀တ်စားထားကြသည်။ ဒီနေ့ညပွဲသို့ ပန်းနုလာမည်ဖြစ်ပြီး ကောင်လေးကိုလည်း ဒီမီးပုံပွဲညမှာ အဖြေပေးမည်ဖြစ်သည်။ ကောင်လေးပန်းနုကို မျှော်လင့်ချက်တွေတပုံကြီးနှင့် လိုက်ရှာနေခဲ့သည်။ ဟော တွေ့ပေပြီ၊ ကောင်လေးက ပန်းနုနားသို့ သွားမည်ဟန်ပြင်ဆင်မှာပင် ပန်းနုနားသို့ ကောင်လေးများအစုက ချဉ်းကပ်လာကြသည်။ အတောက်ပြောင်ဆုံး အ၀တ်စားများကို ၀တ်ဆင်ထားကြပြီး ကောင်လေးအားလည်း မတူမတန်သလို ၊ မနှစ်မျို့သော ၊ စိမ်းစိမ်းတောက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်ကြသည်။
ကောင်လေး သူ့ကိုယ်သူရှက်မိသွားသည်။ ငါက သိပ်ပြီးဆင်းရဲတယ်၊ ပန်းနုကငါ့ကိုချစ်မှာတဲ့လား ၊ ငါ့ထက်သာတဲ့သူတွေအများကြီးရှိသားပဲ ၊ ပန်းနု ငါ့ကို ဘယ်လိုမှချစ်နိုင်မှာ မဟုတ်ပါဘူး။ အခုလည်းကြည့်လေ ၊ ပန်းနုတစ်ယောက် ၀တ်စားထားတာတွေက တန်ဖိုးကြီး တာတွေချည်းပဲ။ ငါက ရူးလို့ သူ့ဆီက အချစ် မျှော်လင့်နေခဲ့မိတာပဲ။
ထိုကဲ့သို့ ကောင်လေးမိမိကိုယ်ကို ပြန်ပြောနေမိသော စကားများက အပြင်သို့ မထွက်ပေမဲ့ သူ့ရင်ဘက်ထဲတွင်တော့ ဆူနာမီ ရေလှိုင်းတွေက သူ့နှလုံးသားကို ရိုက်ခက်တိုက်စားနေကြသည်။ ဘယ်လိုခံစားမှုမျိုးဘာလိမ့် သူ့ရင်ဘတ်ထဲတွင်မွန်းကျပ်လာသည်။ ဒီမီးပုံပွဲ ၊ ဒီလူအုပ်ကြီးတွင် သူရှိနေရသည်ကို ရှက်ရွံ့မိလာသည်။ ထို့ကြောင့် ဒီအရာများနှင့် ဝေးရာ ရွာထိပ်က
ညောင်ပင်ကြီးဆီကို ကောင်လေးတစ်ယောက်
တည်းထွက်လာမိခဲ့သည်။

ညောင်ပင်ကြီး၏ အရိပ်အာဝါသအောက်မှလွဲ၍ ကျန်ပတ်၀န်းကျင်တခွင်သည် ထိန်ထိန်သာနေသော လရောင်ကြောင့် ဖွေးဖွေးဖြူလျှက်ရှိသည်။ ကောင်းကင်သည် ကြည့်လဲ့ကာ ပြာနက်နေ၏။ ကြယ်တာယာအပေါင်းတို့ကလည်း အစွမ်းကုန်လင်းလက်နေကြသည်။ လမင်းကြီးကတော့ ထီးထီးကြီး ထွန်းလင်းလျှက်ရှိသည်။ လရောင်သည်အေးမြ၏ ထို့ထက်မြူနှင်းများက ပို၍အေး၏။ ကောင်လေးသည် ဘာကြောင့်မှန်းမသိ လမင်းကြီးကို ငေးမောကြည့်နေမိသည်။ ထိုစဉ် အဘိုးအိုတစ်ယောက် ကောင်လေးနားရောက်လာပြီး ကောင်လေးကဲ့သို့ လမင်းကြီးကို လိုက်ပြီးငေးကြည့်သည်။ ကောင်လေးက ရုတ်တရက်မို့ ကြောင်သွားပြီး ဒီအဘိုးအို ဘယ်ကရောက်လာပါလိမ့် ဟုတွေးနေဆဲ အဘိုးအိုက စကားစဆိုလေသည်။

"အေ. ဒီလိုပဲကွယ့် လူတွေက လမင်းကြီးကိုမော့ကြည့်တက်ကြတယ်။ အထူးသဖြင့် အခုလိုမျိုး လူကလေး ခံစားနေရတဲ့ အချိန်မျိုးမှာပေါ့ "

"ကျွန်တော့်ခံစားချက်ကို အဘိုးကဘယ်လိုသိလဲ "

"သိတာပေါ့ကွယ် လူတွေက သူတို့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရချိန်တိုင်းမှာ လူကလေးလိုမျိုး လမင်းကြီးကို မျှော်ကြည့်တက်ကြတယ်။ လမင်းကြီးဆီမှာ သူတို့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်တက်ကြတယ်"

"ဟုတ်တယ်အဘိုး ကျွန်တော်အခု အရမ်းခံစားနေရတယ် ။ အရင်တုန်းကတော့ အပူပင်မရှိခဲ့တဲ့ကျွန်တော် အခုတော့" - ( ကောင်လေး၏ စကားကိုဖြတ်ကာ အဘိုးအိုက ၀င်ပြောသည်)

"လူကလေး ကောင်မလေးတစ်ယောက်ကို ချစ်ခဲ့မိတယ် မလား"

"ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော် အခုလိုခံစားနေရတာပေ့ါ "

"အဲ့ဒါပဲ လူကလေး ၊ အဖြေက အဲ့ဒါပဲ။ လူလေး အဲ့ကောင်မလေးကို ချစ်ခဲ့မိတဲ့အချိန်မှာပဲ သူ့ဆီက အချစ်ကို ပြန်ရဖို့ မျှော်လင့်နေခဲ့တယ်မလား"

"အို. အဘိုးကလည်း လူငယ်တိုင်းချစ်မိရင် ဒီလိုပဲ မျှော်လင့်မိကြမှာပဲ။ရုပ်ရှင် ဇာတ်လမ်းတွထဲမှာတောင် ပြောကြသေးတာပဲ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာပေါ့၊ တဲ့"။ (ကောင်လေး စိတ်တိုစွာ မကျေမနပ် ပြန်ပြောလိုက်မိသည်)

"အင်းလူတွေက အဲ့ဒါပဲသိကြတယ်။ အဲ့ဒီ​
မျှော်လင့်ချက်ကြောင့် ပြန်သေနေရတာကိုတော့ သတိမထားမိကြဘူးကွယ်"

"ဗျာ"။ (ကောင်လေးအံ့အားသင့်သွားသည်)

"လူတွေဟာ မျှော်လင့်မိရင် မျှော်လင့်မိသလောက် ပြန်ခံစားကြရတယ်။ (အဘိုးအို အသံက ကြေကွဲကာအပ်နေသည် ၊ ထို့နောက် အသက်ကိုရှည်ကြီး ဆွဲငင်ကာရှူလိုက်ပြီး ကောင်လေးအား မေးခွန်းတစ်ခုမေးသည်)။ ရေထဲမှာ ပေါ်နေတဲ့ လူလေးရဲ့ အရိပ်ကို ထိတွေ့ကိုင်တွယ်လို့ရပါ့မလား "

"ဘယ်ရပါ့မလဲ ၊ ထိလိုက်တာနဲ့ ရေဗွက်ထပြီး ပျောက်သွားမှာပေါ့။"

"အေ အဲ့ဒီရေဗွက်မာယာလိုပဲ လူလေးရေ ။ လောကမှာ တစ်ချို့သော အရာတွေက မြင်ရုံနဲ့ပဲ ကျေနပ်ယူရတယ်။ ဒါကိုမှတ်ထားပါ လူလေး၊ မြင့်မားတဲ့ တောင်ထွတ်တွေများရင် ချိုင့်၀ှမ်းတွေပေါမယ်။ အဲ့လိုပဲ မျှော်လင့်ချက်တွေများရင် အမှား၀န်ပူတွေများမယ်"

"ဒါဆိုဘာမှ မမျှော်လင့်ရင်ရော အဘိုး ."

"ဘာမှမခံစားရတော့ဘူးပေါ့ကွယ် ။ ဟား. ဟား.. ဟား. ။(အဘိုးအိုက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်)"

"အဘိုးက ဘယ်သူလဲဟင်"

"အဘိုးဟာ လူတွေရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ မဖြည့်ဆည်းပေးနိုင်တဲ့ လမင်းကြီးပေါ်က ဆန်ဖွတ်တဲ့ အဘိုးအို ပေါ့ကွယ်. ။ ဟား .. ဟား ဟာ."။( ကောင်လေးအံ့သြစွာ အဘိုးအိုကို ငေးမောကြည့်နေစဉ်မှာပဲ အဘိုးအိုသည် တလက်လက်လင်းနေတဲ့ ငွေမှုန်များအဖြင့်ပြောင်းလဲသွားပြီး လမင်းကြီးဆီသို့ လွင့်ပြယ်သွားခဲ့လေသည်)

ကောင်လေးရင်ဘတ်ကြီး ပွင့်ထွက်ကာ ရှင်းလင်းသွားသလိုခံစားလိုက်ရသည်။ အဘိုးပြောခဲ့သော စကားတစ်ခွန်းက နားထဲမှာ ပဲ့တင်ထပ်နေသည်။ ဘာမှမမျှော်လင့်ရင် ဘာမှမခံစားရတော့ဘူးပေါ့ကွယ် ။ ကောင်လေးဆီမှာ မာယာဆန်တဲ့ မျှော်လင့်ချက်တွေမရှိတော့။ ထို့နောက် ကောင်လေးလူအုပ်ကြီးရှိရာသို့ ပြန်လာခဲ့သည်။မီးပုံပွဲကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ကြီးဆင်နွဲကာ ကျယ်လှောင်စွာ ရယ်ပစ်လိုက်သည်။ ပန်းနုရောင်ကောင်မလေးဆီကိုတော့ သူမသွာဖြစ်ခဲ့တော့ပေ။ အဲ့ဒီအတွက်လည်း သူဘာမှမခံစားရတော့ပေ။
ထို့နောက် နှစ်တွေကြာညောင်းလာခဲ့ပြီးတဲ့နောက် ကောင်လေးဟာစတီးမစ်ပင်လယ်ကြီးထဲမှာ ရောက်တက်ရာရာ စာတွေရေးသားပြီး ပျော်ပျော်နေတက်တဲ့ ငါးကလေးတစ်ကောင် ဖြစ်လာခဲ့သည်။ သူသည် ကဗျာရေးသည်၊ ၀တ္ထုတိုလေးတွေရေးသည်။ ဒါပေမဲ့ လူတွေ သူ့အရးသားကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူမမျှော်လင့်တော့၊ သူ့အလုပ်ကိုသာသူ အကောင်းဆုံးလုပ်သည်။ ရေဗွက်မာယာတွေကို ရေစုပ်စက်နဲ့ စုပ်တင်ပြီး အဲ့ဒီနေရာမှာ မမြဲခြင်းဆိုတဲ့ သစ်တစ်ပင်ကို သူစိုက်ပျိုးနိုင်ခဲ့ပေပြီ။ ပန်းနုရောင် ဖိနပ်စီးတက်တဲ့ ပန်းနုဆိုတဲ့ကောင်မလေးနဲ့ သူနောက်ထပ်မဆုံဖြစ်ခဲ့တော့ပေ။ ကြာတော့လည်း ပန်းနုကို ကောင်လေးမေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။ ဟိုတေလာက ကျောက်တော်ကြီးဘုရား ပွဲမှာတော့ အစိမ်းရောင်ဖိနပ်စီးထားတဲ့ ကောင်မလေးနဲ့ သူဆုံဖြစ်သည်။ အဲ့ဒီကောင်မလေးကို သူတွေ့သည့်အခါ ပြောမိလိုက်တာကတော့

မျှော်လင့်ခြင်းကင်းတဲ့ ကောင်းကင်အောက်
လာ....
တို့အတူတူ မမြဲခြင်း သစ်တစ်ပင်ကို စိုက်ပျိုးကြပါစို့.။

မှတ်ချက်။စာရေးဆရာ တာယာမင်းဝေ၏
လကွယ်မှတ်တမ်းအားကိုးကား၍
မိမိကိုယ်ပိုင်ခံစားချက်ဖြင့် ရေသားပုံဖော်ထားပါသည်။

ဤ​ဆောင်းပါးသည် Steemit တွင်တင်ခဲ့ခြင်းဖြစ်ပါသည်။
Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင်
Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်။

temp_profile_image5862865305249374318.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko