ဒီနေ့သည် 24.10.2020။ ကျွန်တော့်၏ မွေးနေ့ရက်မြတ်ဖြစ်သည်။
လူတွေသည် ဘာကြောင့် မွေးနေ့ကို ရက်မြတ်ဟု
တင်စားကြသနည်း။ ကျွန်တော့်အထင်မှာ
လူ့ဘဝဆိုသည် ရခဲလှသည်ဟု မြတ်စွာဘုရားမှ
ဟောကြားတော်မူခဲ့သောကြောင့် ကိုယ်မွေးသည့်
နေ့ရက်ကိုလည်းကောင်း၊ အများသူငှာ၏ မွေးရက်
ကိုလည်းကောင်း ရက်မြတ်ဟု သတိမှက်ခြင်း
ဖြစ်လိမ့်မည်။ ကျွန်တော့်ခံယူချက်အား ပြောရလျှင်
ကျန်းကျန်းမာမာ ကိုယ့်လက်စုံလင်စွာ မွေးဖွားပေး
ခဲ့သော မိခင်နှင့် မမွေးခင် မိခင်အနားတွင်
ပြုစုစောက်ရှောက်ပေးခဲ့သော ဖခင်အား
ကျေးဇူးတင် သတိရအောက်မေ့ခြင်းထက်မပိုပါ။
စကားပုံလည်းရှိသည် ** နေရေးထက် သေရေးခက် ** ။ ထို့ကြောင့် မွေးနေ့ကို ကြီးကျယ်ခမ်းနား
တာမျိုးလုပ်ရသည်ကို မနှစ်သက်လှပါ။
မနက်မိုးလင်းသည်နှင့် ဖုန်းကိုကြည့်မိတော့ မက်စေ့ဂျ်
ရောက်နေသည်။ ပို့ပေးခဲ့သူမှာ ယခင်က သက်ဆိုင်
ခဲ့သူတစ်ယောက်ဖြစ်သည်။ ထိုသက်ဆိုင်သူ၏
အစွဲလမ်းသည် အံ့မခန်းဖြစ်၏။ အချစ်ဦး မြေးဦးရ
တောင် မမေ့ဘူး ဆိုသည့် စကားပုံအတိုင်းပင်။
သူပို့ခဲ့သော မက်စေ့ဂျ်မှာ အောက်ပါအတိုင်းဖြစ်၏။
ဒီနေ့ အမှတ်တရ ပြန်ဖတ်ဖြစ်တယ်
ဖတ်ရင်းမျက်ရည်ကျရပြန်ရော😪
မွေးနေ့ အမှတ်တရနေ့ဆိုတာ အသိစွဲနေတော့
ခံစားရတာ ပိုဆိုးနေပြန်ရော😪အချိန်တွေဘယ်လောက်ကြာကြာ မသိစိတ်ထဲမှာ
ရှိနေသေးတော့ အချိန်တန်
ခံစားမှုက ဖြစ်လာရတာပါပဲ😪😪😪
Happy Birthdayပါ ကေ
မွေးနေ့ရက်မြတ်မှစ၍
နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ။စိတ်ချမ်းသာ
ကိုယ်ကျန်းမာ၊လိုအင်ဆန္ဒအားလုံးပြည့်ဝနိုင်ပါစေ။
ရည်မှန်းချက်ပန်းတိုင်
အိပ်မက်တွေလည်း အမြန်ဆုံးအကောင်ထည်ဖော်၊
ဖြစ်တည်ရရှိပိုင်ဆိုင်နိုင်ပါစေ။
မင်္ဂလာရှိသော မွေးနေ့ရက်မြတ်လေးပိုင်ဆိုင်
နိုင်ပါစေ
လူတိုင်းသည် အစွဲလမ်းကြီးကြသည်။ သံယော
စဥ်ကြီးကြသည်။ တစ်ချို့လူများသာ သံယောစဥ်
ကို မြက်တစ်ပင်ဖျက်သလို ဖျက်နိုင်၏။ ထိုကဲ့သို့
သော လူမျိုးများနှင့်လည်း ကြုံခဲ့ဖူးပါသည်။
မွေးနေ့မှာ မိမိ၏ လက်ရှိချစ်သူနှင့် တွေ့ဆုံဖို့
ချိန်းချက်ထားသည်။ ချိန်းချက်ထားသည့် နေရာကလည်းသိပ်မဝေးပေ။ ကျွန်တော်နေထိုင်ရာ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ရှိ နယူးအိုးရှင်းသို့ သွားရောက်ရမည်ဖြစ်၏။ လာချင်ရင်အနီးလေး
ဆိုသည့် သီချင်းကလေးအတိုင်း မနက်ခင်း ၈ နာရီ
ခွဲလောက်တွင် မန္တလေးသို့ ဆိုင်ကယ်နှင့် ဆင်းခဲ့၏။
သို့နှင့် မန္တလေးသို့ ၉ နာရီ ၄၅ မိနစ်မှာရောက်ခဲ့ပြီး
နယူးအိုးရှင်းသို့ သွားရောက်လယ်ပက်ရင်း မုန့်အတူ
တူ စားဖြစ်ခဲ့သည်။ ချစ်သူလေး၏ မျက်နှာမှာ
ရွန်လန်းလို့နေခဲ့၏။ မွေးနေ့မှာ ချစ်သူနှင့်အတူတူ
ရှိနေခြင်းက အတိုင်းထက်လွန် ပျော်ရွှင်ဖို့ကောင်း၏။
နှစ်ယောက်တွဲ ဓာတ်ပုံများ ရိုက်ဖြစ်ခဲ့ကြသည်။
ချစ်သူက ကျွန်တော့်အတွက် အင်္ကျီအနွေးထည်
အနက်ရောင် လက်ဆောင်ဝယ်ပေးလိုက်၏။
ပြန်ခါနီးမှာတော့ ချစ်သူလေးက ကျန်းမာရေး
ဂရုစိုက်ဖို့၊ ဆိုင်ကယ်ဖြေးဖြေးမောင်းဖို့ကို
အထူးမှာကြား၏။ ချစ်သူလေးနှင့် ခွဲခွာရတော့မည်
မို့ စိတ်ထဲတွင် ဝမ်းနည်းမှုက ဖုံးလွှမ်းသွား၏။
ထိုအချိန် စိတ်ထဲတွင် ပြောမိသည်ကတော့
ဆင်းရဲခြင်းထဲတွင် ချစ်သောသူနှင့် ကွေကွင်းရခြင်း
သည် အဆိုးဆုံးဖြစ်၏။
ဤသို့နှင့် ပြင်ဦးလွင်သို့ပြန်လာမည့်ဆဲဆဲမှာ
အစ်မထံမှ ဖုန်းဝင်လာသည်။ မန္တလေးမှ အစ်မကြီး
ထံ ပစ္စည်းဝင်ယူဖို့ဖြစ်သည်။ အစ်မကြီး၏ နေရပ်မှာ
ကျွန်တော့်အရင် အလုပ်လုပ်ခဲ့သော နေရပ်မှာဖြစ်
၏။ မသွားတော့ဘူးဟု ဆုံးဖြတ်ထားခဲ့သော ထို
နေရပ်လေးကို ရောက်ခဲ့ရတော့၏။ လမ်း ၃၀ မှာ
အသစ်ပြန်လည်ကာ ခင်းထားသောကြောင့်
သစ်လွင်နေသည်။ လမ်းဘေးဝဲမှာကား အဆောက်
ဦးသစ်များ ဆောက်လုပ်လျှက်ရှိသည်။ လမ်း ၃၀၊
၅၃ ထောင့်ရှိ ကျွန်တော်ဝန်ထမ်းလုပ်ခဲ့ဖူးသော
ရူပါမန္တလာဟိုတယ်ကြီးသည်ကား မပြောင်းမလဲ
မိန့်မိန့်ကြီးတည်ရှိနေပါသည်။ ဟိုတယ်ကိုမြင်လျှင်
အတိတ်က ပျော်ရွှင်ကြည်နူးခဲ့ရသော လုပ်ငန်းခွင်
ကို သတိရမိ၏။ ရင်ထဲမှာ လွမ်းမိသွား၏။
မိတ်ဆွေလုပ်ဖော်ကိုင်ဖက်နှင့် ဆရာသမားများ၏
မျက်နှာများကို မြင်ယောင်မိ၏။ စိတ်ထဲတွင်
ရေရွတ်လိုက်မိသည်မှာ
သြော်... ဘယ်အရာမှ မမြဲပါတကား...
အထက်ပါဓာတ်ပုံနှစ်ပုံမှာ ရှစ်နှစ်တာ အလုပ်လုပ်ခဲ့သော နေထိုင်ရာ
ရပ်ကွက်ဖြစ်သည်👆👆
သည်လိုနှင့် အစ်မကြီးဆီမှ ပစ္စည်းဝင်ယူကာ
အိမ်သို့အပြန်လမ်းတစ်လျှောက်တွင် မန္တလေးမြို့
ကြီးတွင် ရှင်သန်ခဲ့ရသော ရှစ်နှစ်တာ ကာလများကို
ပြန်ပြောင်းသတိရနေမိပါတော့သည်။