မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်...
ကျွန်တော်တို့ကလေးဘဝ မိုးရွာပြီဆိုရင် ခုလိုသီချင်း
လေး အော်ဟစ်ရင်း မိုးရေထဲ ခုန်ပေါက်ဆော့ကစား
ပြီး ကလေးဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေ
ကို ဖြန်သန်းခဲ့ကြတယ်။
ခုခေတ်ကလေးတွေတော့ မိုးရွာရင် ဘာများလုပ်
ကြမလဲ။ ကျွန်တော်တို့ တုန်းကလိုမျိုး မိုးရေထဲမှာ ခုန်ပေါက်ဆော့ကစားနေကြမလား။ ဒါမှမဟုတ်
အိမ်ထဲမှာ အဖေမေရဲ့ဖုန်း ဒါမှမဟုတ် အစ်ကို၊
အစ်မတွေရဲ့ဖုန်း ဒါမှမဟုတ် ကိုယ်ပိုင်ဖုန်းလေးတွေ
နဲ့ ဂိမ်းဆော့နေကြမလား။ ခုခေတ်ကလေးတွေ
အထင်သေးလို့မရပါ။ မွေးကတည်းက ဖုန်းဖက်ပြီး
မွေးလာကြတာ။ မိဘတွေကလည်း ကလေးနေရင်
ပြီးရောဆိုပြီး ဖုန်းနဲ့ပစ်ထားကြတာကလား။
ကျွန်တော်တို့ကလေးဘဝတုန်းကတော့ ဖုန်းမပြောနဲ့ ရေဒီယိုတောင်အတော်ရှားခဲ့တာ။ အဲ့သည်တော့ ကလေးဘဝ ပျော်ချင်ပါးချင်တယ်ဆိုရင် သဘာဝတရားကြီးကိုပဲ အားကိုးရတာ။ ခုလိုမျိုး မိုးရွာပြီဆို မိဘတွေကိုယ်တိုင်ကလည်း မိုးရေချိုးကြဖို့ ကလေးတွေကို အင်္ကျီချွတ်ပေးပြီး မိုးရေထဲလွတ်လိုက်တာပဲ။ အကြာကြီးတော့ ပေးမဆော့ဘူး။ ဖျားနာမှာလည်းစိုးရိမ်ကြတယ်။
အဲ့သည်တော့ ကျွန်တော်တို့မှာ မိုးရေထဲ ဗွတ်အိုင်ထဲ
ပြေးလွှားဆော့ကစားကြ။ သဲတွေနဲ့ အိမ်လေးတွေဆောက်ကြ။ ဘုရားစေတီလေးတွေ
တည်ကြ။ သူ့သဲပုံ ကိုယ်ကဖျက်။ ကိုယ့်သဲပုံကို သူက
ဖျက်နဲ့ စကြနောက်ကြ ပျော်စရာကောင်းလိုက်ပုံများ
ခုခေတ်ကလေးတွေ အိမ်ထဲနေပြီး ဖုန်းလေးနဲ့ ဂိမ်းကစားရတာထက် ပိုပြီးပျော်ဖို့ကောင်းခဲ့မယ်
ထင်ပါတယ်။
ကလေးဘဝမှာ ကလေးပီပီ လွပ်လွပ်ပျော်ရွှင်ရတဲ့
အရသာဆိုတာ ကလေးဘဝမှာပဲရတာကလား။
ခုကြည့်လေ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတာ
ကလေးဘဝတုန်းကလိုမျိုး မိုးရေထဲ ဆော့ကစားဖို့
ဘယ်သင့်တော်ပါ့မလဲ။ သင့်တော်တယ်ပဲထားဦး
ဖျားမှာ နားမှာက စိုးရသေးသည်မဟုတ်လား။
ကျွန်တော်ကတော့ မိုးရွာပြီဟေ့ဆိုရင် ကလေးဘဝကိုသာ ပြေးပြေးပြီးမြင်ယောင်မိ
ပါတယ်။ အဲ့သည်လို မြင်ယောင်မိတိုင်းလည်း
ခုခေတ်ကလေးတွေကို ကျွန်တော်တို့တုန်းက
ပျော်ရွှင်မှုမျိုးရစေချင်မိတဲ့ ဆန္ဒကလည်း အမြဲလို
ဖြစ်ပေါ်မိတော့တာပါပဲ...
မိုးရွာနေချိန် တွေးမိရေးမိသမျှ...
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko