လိပ်ပြာသန့်သည့် စာရိတ္တ

...

7 years ago, comments: 22, votes: 86, reward: $1.00


Image credit>>> Source

မိုးအကုန်ဆောင်းအကူးမို့ မန္တလေးမြို့၏ညနေခင်းသည် အပူရှိန်သိပ်မပြင်းလှတော့ပေ။ မပူလွန်းမအေးလွန်းသော မိုးမဟုတ် ဆောင်းမဟုတ် လေပြေတစ်ချို့က မကြာခနဆိုသလို တိုက်ခက်လျှက်ရှိသည်။သို့သော် မန္တလေးမြို့၏ လမ်းမများသည် ကားသံ ၊ ဆိုင်ကယ်သံ ၊ လူသံများဖြင့် ဆူညံကာ ရှုပ်ယှက်ခက်လျှက်ရှိသည်။ ထိုအချိန်မျိုးတွင် သွားလာရသည်မှာ အလွန်စိတ်ညစ်ဖို့ကောင်းလှသည်။ ထို့ကြောင့် ညနေခင်းတွင် မြို့ထဲသို့ ကျွန်တော်မသွားတက်ပေ။ အဆောင်တွင်သာအောင်းနေတက်သည်။
သို့သော် တစ်ညနေခင်းတွင် အပြင်ထွက်ဖို့ ကိစ္စတစ်ခုကပေါ်လာသည်။ အကြောင်းမှာ ကျွန်တော့် တူလေး အပြင်းဖျားနေ၍ ဆေးခန်းသို့ ပို့ရန်ဖြစ်သည်။ သို့နှင့် ဆိုင်ကယ်ဖြင့် ကျွန်တော့် အမနှင့် တူလေးကို ဆေးခန်းသို့ လိုက်ပို့ပေးခဲ့ပါသည်။ ဆေးခန်းတွင်လည်း လူနာများဖြင့် ပြည့်ညှက်နေကာ အချိန်အကြာကြီး စောင့်ခဲ့ရသည်။ ဆေးရုံဆေးခန်းသို့ ကျွန်တော်သွားလေ့မရှိပေ။ ကျွန်တော်ကိုယ်တိုင်ကလည်း နေမကောင်းဖြစ်ခဲလှသည်။ ခေါင်းနဲနဲကိုက်တာမျိုးဖြစ်တိုင်း ဒီကိုဂျင် သောက်လိုက်တိုင်း ပျောက်သွားမြဲဖြစ်သည်။ ဆေးရုံတွင် ယခုကဲ့သို့ အားငယ်ညိုးနွမ်းနေသော လူနာများ၏မျက်နှာများကို မြင်ရသည်မှာ စိတ်မချမ်းမြေ့စရာပင်။ တစ်ချို့ကလေးငယ်များဆိုလျှင် အပြင်းဖျားနေ၍ထင်သည် အော်ကာ ငိုယိုနေကြသည်။ ထိုကလေးငယ် ငိုသံကြောင့် မိခင်ဖြစ်သူမှာလည်း စိုးရိမ်စိတ်များဖြင့် ကနာမငြိမ်ဖြစ်နေသည်။ ထိုကဲ့သို့ စိတ်မချမ်းမြေ့စရာများကို ဆက်ပြီးကြည့်မနေနိုင်တော့ပေ။ ဟုတ်သည်လေ တစ်စုံတစ်ခု ကူညီနိုင်ရန် မိမိမှာဆရာဝန်လည်းမဟုတ် ထို့ကြောင့် ဆေးခန်းအပြင်ဘက်ကသာ ထိုင်စောင့်နေလိုက်သည်။
မကြာခင်မှာပင် တူလေးကို ဆရာဝန်နှင့်ပြပြီး အမကတူလေးကို ချီကာ ပြန်ထွက်လာသည်။ သို့နှင့် အဆောင်သို့ ပြန်လာခဲ့ကြသည်။ လမ်းမတိုင်းလိုလို ကားများ၊ ဆိုင်ကယ်များ ဖြင့်ပြည့်ကာ ရှုပ်ယှက်ခက်လျှက်ရှိသည်။ မီးပွိုင့်တစ်ခုနားသို့ အရောက် မီးနီးနေ၍ အရှိန်လျှော့လိုက်ရာ ဆိုင်ကယ်တစ်စီးကဘေးမှကပ်ကျော်ကာ ညီလေးဆိုင်ကယ်ဒေါက် ဖြုတ်လိုက်အုံး ၊ ဆိုပြီးသတိပေးသံကြားရသဖြင့် ဆိုင်ကယ်ဒေါက်ကို ပြန်ဖြုတ်လိုက်ရသည်။ ထိုသတိပေးသော လူစိမ်းကို ကျေးဇူးပါ လို့ ပြန်ပြောလိုက်ပါသည်။ ထိုလူကတစ်ချက်ပြုံးပြကာ ကျော်မောင်းသွားသည်။ ထိုချိန်မှာပဲ ကျွန်တော် ဆက်တွေးမိသည်ကတော့ လူတွေအားလုံး စရိုက်ပျက်ကုန်ကြပြီ၊ စာရိတ္တ ပျက်ကုန်ကြပြီ၊ မကောင်းတာတွေ လုပ်ကုန်ကြပြီ စသဖြင့် အမြဲလိုလိုကြားနေရသည်။ ဖေ့ဘွစ်ဖွင့်ကြည့်လျှင် မှုခင်းသတင်းများကို အများဆုံးတွေ့ရသည်။ ဘယ်မှာတော့ ဆိုင်ကယ်ရိုက်လုပြန်ပြီ။ သေနက်နဲ့ပစ်ပြီး ပိုက်ဆံအိပ်လုပြန်ပြီ စသဖြင့် ဖတ်ရ၊ ကြားရသည်များမှာ စိတ်မချမ်းမြေ့စရာများပင်။
ကျွန်တော်တွေးကြည့်သည် မကောင်းလုပ်တဲ့သူတွေရှိသလို ကောင်းတာလုပ်တဲ့သူတွေရှိမည်ပင်။ ယခုလို ကျွန်တော်ဆိုင်ကယ်ဒေါက်မဖြုတ်ရသေးတာကို အန္တရယ်ဖြစ်မှာစိုးတဲ့ သူတော်ကောင်းစိတ်ရှိကြတဲ့ သူတွေလည်း ရှိကြမည်ပင်။ အရင်ကလည်း ဆိုင်ကယ်ဒေါက်ဖြုတ်ဖို့ အကြိမ်ကြိမ် သတိပေးခံခဲ့ရဖူးသည်။ ထိုစဉ်က အမှုမဲ့ အမှတ်မဲ့ဆိုပေမဲ့ အခုတလော ကြားနေရတဲ့ သတင်းတွေကြောင့် ဒီဆိုင်ကယ်ဒေါက်ကိစ္စလေးက ကျွန်တော့်ကို အတွေးပွားစေခဲ့ပါသည်။


Image credit>>> Source

လူအများစုက ပြောကြသည်။ ခေတ်မကောင်းတော့ဘူး ၊ လူဆိုး၊ သူခိုး၊ ဂျပိုးတွေ ပေါများလာပြီ။ မဟုတ်တာလုပ်တဲ့သူတွေ ကြီးပွားကုန်ကြပြီ။ ။ သမာဓိ ရှိရှိနှင့် လုပ်ကိုင်စားသောက်ကြတဲ့သူတွေ ဆင်းရဲကြရသည်။ အဆင်မပြေဖြစ်ကုန်ကြပြီ စသဖြင့်ပြောကြသည်။ သေချာတွေးကြည့်စေချင်ပါသည်။ ခေတ်တိုင်းခေတ်တိုင်းတွင် မကောင်းတာလုပ်တဲ့ သူတွေရှိကြသလိုပဲ ၊ ကောင်းတာလုပ်တဲ့ ကမ္ဘာကြီးကို အကျိုးပြုစေခဲ့တဲ့ သူတွေလည်း ရှိခဲ့ကြမည်ပင်။ ထို့ကြောင့် မိမိပတ်ဝန်းကျင် ၊ ရပ်ကွက်၊ အိမ်ခြေရှိရှိသမျှကို သေချာစစ်ကြည့်စေချင်သည်။ လူတွေအားလုံးအကျင့်ပျက်ကုန်ကြပြီလားမြင်ကြည့်စေချင်သည်။ သမာဓိရှိရှိနှင့် လုပ်ကိုင်စားသောက်ြပီး ကြီးပွားနေသည့် သူတွေလည်းရှိကြမည်ပင်။
သို့သော်လူ့သဘာဝအရ မဟုတ်တမ်းတရား လုပ်နေကြတဲ့ သူတွေကိုသာ ကွက်ပြီး မြင်နေကြပြီး အသိအမြင်ကင်းလွတ်နေကြခြင်းဖြစ်ပေလိမ့်မည်ဟုထင်မိပါသည်။ ထိုကဲ့သို့ မတော်လောဘသားတွေကို မြင်ပြင်းကပ်ပြီး သတိထားနေမိသည်က အရေးမကြီးပေ။ ကြီးပွားချမ်းသာချင်ရင် မဟုတ်တာလုပ်ရမည်ဟူသော အယူမှားမျိုး လူငယ်တွေစိတ်ထဲမှ စွဲသွားမည်ကို စိုးရိမ်မိပါသည်။
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လူငယ်အများစုက ငွေကို ပိုမှတ်ကြသည်။ ခေတ်နှင့် လိုက်လျှောညီအောင် အသုံးပြုရသော စိမ်ခံပစည်းများ များပြားလာခြင်းကြောင့် ဖြစ်မည်။ ထို့ကြောင့် အလုပ်ကိုင်က ရှားပါးရသည့်အထဲ ဖုန်းမျိုးမျိုး ၊ စိမ်ခံပစည်းအမျိုးမျိုး တို့ပေါများလာခြင်းက လူငယ်တွေ အကျင့်စာရိတ္တ ပျက်စေသော အကြောင်းရင်းတစ်ခုဟု မြင်မိပါသည်။ ( ကျွန်တော့်အမြင်သာဖြစ်သည်။) ထို့ကြောင့် အူမတောင့်မှ သီလစောင့်နိုင်မည် ဆိုသည့် စကားပုံကို မကောင်းတဲ့ဘက်တွင် သုံးစွဲလာကြသည်။ သို့သော် ကျွန်တော့်အမြင်တွင်တော့ ဘယ်သူကောင်းကောင်းမကောင်းကောင်း မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ဆိုတဲ့ စိတ်လေးနဲ့ လိပ်ပြာသန့်သည့် စာရိတ္တမျိုး၊ ခိုင်မာသည့်စိတ်မျိုး လူတိုင်းမွေးကြမည်ဆိုလျှင် မကောင်းမှုများလျော့နည်းလာမည်ဖြစ်ပြီး၊ အေးချမ်းသာယာသော ကမ္ဘာကြီးဖြစ်လာပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ယခုလို အချိန်မျိုးတွင် ကျွန်တော်သည် ဆိုင်ကယ်ဒေါက်ဖြုတ်ဖို့ သတိပေးသွားသော ထိုလူစိမ်း၏ အသံကိုနားထဲတွင် အကြိမ်ကြိမ်ကြားယောင်နေမိပါတော့သည်။


Image credit>>> Source

ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
@myanmarkoko

MSC no. 118