ကိုဗစ်အလွန်နှင့် ကျွန်တော့်ဘဝအပြောင်အလဲ...
ကိုဗစ်ကာလအပြီး ကျွန်တော့်ဘဝကို အပြောင်းလဲ
ဖြစ်စေတော့မည့် ဤ ၂၀၂၀ ခုနှစ် ၈ လပိုင်း ရက်များသည် အရေးကြီးသော နေ့ရက်များဖြစ်လို့
နေခဲ့ပါသည်။ နှောင်တချိန်မှာ ဤနေ့ရက်များကို
မှက်မိနေစေဖို့ရန်အလို့ငှာ ဤရက်ပိုင်းများတွင် ခံစား
တွေ့ကြုံနေရသော ခံစားချက်များနှင့် အတွေ့ကြုံများ
ကို မှတ်တမ်းတင်ထားလိုက်ရပါသည်။
ကိုဗစ်ကာလအလွန်။ အလွန်ဟုလည်းမဆိုနိုင်ပါ။
အစိုးရမှ ကိုဗစ်ထိန်းချုပ်ကာလအဖြစ် နောက်ထပ်
၁၅ ရက်ထပ်တိုးလိုက်ပါသည်။ လွန်ခဲ့သော ၃ လပိုင်း
ကုန်မှ စ၍ ၁၅ ရက်ပြီး၊ ၁၅ ရက် ကိုဗစ်ထိန်းချုပ်
ကာလ အဖြစ်သတ်မှတ်လာခဲ့ရာ ယခုဆိုလျှင်
၈ လပိုင်း၊ ၁၂ ရက်၊ ၂၀၂၀ ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီ
ဖြစ်သည်။ နောက်ထပ် ၁၅ ရက်ပေါင်း ဘယ်နှစ်ရက် ထပ်လာဦးမည်နည်းဆိုသည်ကား မပြောနိုင်ပေ။ Covid-19 ရောဂါ ဖြေဆေး မတွေ့သေးသ၍...။
ကျွန်တော်၏ အလုပ်မှာ Service လုပ်ငန်းဖြစ်ပါသည်။ ဟိုတယ်၏ အသက်သွေးကြော
ဖြစ်သော အိပ်ခန်းဆောင် ထိန်းသိမ်းရေးလုပ်ငန်းတွင်
Supervisor အဖြစ် Ruparmandalar Resort တွင် တာဝန်ထမ်းဆောင်လာသည်မှာ ၈နှစ်
ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာနှင့်တစ်ဝန်း ကိုဗစ်ရောဂါ ခံစား
နေရချိန်ဖြစ်ပါသည်။ သူများနိုင်ငံတွင်တော့ သူတို့၏
အစိုးရက မည်ကဲ့သို့ ထောက်ပံသည်ကို မပြောလိုပေ။
ကျွန်တော်တို့ အစိုးရကတော့ ထောက်ပံကြေးအဖြစ်
ဆန်ရှစ်ပြည်သာ ခံစားခွင့်ရခဲ့ပါသည်။ ခုနောက်ပိုင်း
တွင်တော့ တစ်အိမ်ထောင်ကို နှစ်သောင်းကျပ်ခန့်
ထောက်ပံ့သည်ဟု သိရပါသည်။(အတိအကျတော့
မသိရပါ အများ၏ ပြောစကားများသာ)
ဟိုတယ်အများစုကတော့ ကိုဗစ်ကာလအတွင်းမှာ
၃လပိုင်းနှင့် ၄လပိုင်း တွင် ဝန်ထမ်းများကို လစာ
အပြည့်ပေးပြီး အနားယူစေပါသည်။ ဟိုတယ်ဝန်ထမ်း
များသည် အပျော်လုံးများစို့ကာ မိမိတို့၏ဟိုတယ်အား
ကျေးဇူးအတင်ကြီးတင်နေခဲ့ကြပါသည်။ အများနည်းတူပင် Ruparmandalar Resort
ဟိုတယ်မှ ဝန်ထမ်းများသည်လည်း အပါဝင် ဖြစ်ခဲ့ကြပါသည်။ သိုသော် ကံဆိုးခြင်း မိုးတိမ်များက
ရူပါမန္တလာဟိုတယ်တစ်ဝိုက်တွင် ကွက်ပြီး အုံ့လို့နေပေ
သည်။ ၅လပိုင်း ဟိုတယ်ပြန်ဖွင့်ပြီဟု ဆိုသောအချိန်
ဝန်ထမ်းများ အားတက်သရော အလုပ်လုပ်ရပြီဟု
ကြွေးကြော်ပြီး ဟိုတယ်သို့ ရောက်ရှိလာချိန်တွင်တော့
တင်းထားသမျှအားမာန်များအကုန် ပိန်းကြာရွက်ပေါ်
ရေမတင်သကဲ့သို့ လျှောကျရလေတော့သည်။
အကြောင်းမှာ အစည်းဝေးလုပ်ပြီး HR မှပြောလိုက်
သော စကားကြောင့်ဖြစ်သည်။
မင်းတို့ကို ၄ လပိုင်းမှာ
လစာအပြည့်ပေးထားတယ်။ ဒါပေမဲ့ အခု
မင်းတို့ အလုပ်ပြန်ဆင်းပြီး ဖြေးဖြေးခြင်း မင်းတို့ရတဲ့
PH (Public Holiday) တွေကိုပြန်ချေသွားမယ်။
ထိုစကားအပြီးတွင်တော့ ဝန်ထမ်းများ၏စိတ်ထဲတွင်
တော့ မအီမသာဖြစ်ကုန်ကြပေမဲ့ ဟိုတယ်ပြန်ဖွင့်ပြီး
ဒီကာလကြီးမှာ အလုပ်လေး လုပ်ရတာကိုက အဆင်
ပြေနေပါပြီလေဆိုတဲ့ စိတ်နှင့် အပြုံးတုလေးတွေကို
မျက်နှာပေါ် ဆင်မြန်းထားကြပါတော့သည်။
ကျွန်တော်တို့ ဝန်ထမ်းများကတော့ ငါတို့ဟိုတယ်က
ဒီရောဂါဖြစ်လို့ ငါတို့ကိုနားခိုင်းပြီး လစာအပြည့်ပေး
တာ ငါတို့ပေါ် ဟိုတယ်က ကြည့်ပေးတယ် ဆိုပြီး
မိသားစုကြား၊ အသိုင်းဝိုင်းပတ်ဝန်းကျင်ကြား၊
သူငယ်ချင်းများကြားတွင် ရင်တကော့ကော့ဖြစ်သမျှ
ခုတော့ ပက်လက်လန်ကြရလေပြီ။ ဝန်ထမ်းတွေအပေါ်
ကြည့်တာဆိုလို့ စီစီတီဗီပဲရှိတယ် ဆိုသည့်စကား သွေးထွက်အောင်သာ မှန်လိုက်လေသည်။
အစိုးရမှ ထိန်းချုပ်မှုတွေ အနည်းငယ်ဖြေလျော့ပေး၊
စီးပွားရေးလုပ်လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ကြ
လေပြီ။ အဲ့သည့်နေ့သည် ပျော်ရလေပြီ။ လူမှုဖူလှုံရေးမှ ကိုဗစ်ကာလ ဝန်ထမ်းများနှစ်နာမှုတွက်
ထောက်ပံ့ငွေ နှစ်သောင်းကျပ်ရရှိပါသည်။ သို့သော်
လူမှုဖူလှုံရေးစမက်ကဒ်ရှိမှသာ ရရှိပါသည်။
ဒီအရာသည်သာ ရူပါမန္တလာ ဝန်ထမ်းများအတွက်
အကြီးမားဆုံး အကျိုးခံစားခွင့်ဖြစ်ပါသည်။ တစ်ခြား
ဟိုတယ်များကတော့ ဆန်ဘယ်နှစ်အိပ်၊ လစာအပြည့်
ပေးတယ်။ စသည်ဖြင့် ကြားရချိန်တိုင်း ကျွန်တော်တို့
နားထဲကို သံရေပူလောင်းချသလို ခံစားကြရပါသည်။
ဤအရာများသည် ကျွန်တော်တို့ ဝန်ထမ်းများခံစား
နေကြရသော အခက်ခဲများဖြစ်ကြပါသည်။ ဤအခြေနေများကို နှောင်လာနောက်သားများ ပြန်လည်ဖတ်ရှုကာ ဆင်ခြင်နိုင်ရန် တင်ပြလိုက်ခြင်း
သာဖြစ်ပါသည်။ ဆက်လက်၍ ကျွန်တော်၏ လုပ်ငန်း
အပြောင်းလဲကို ဖော်ပြပေးချင်ပါသေးသည်။ ယခု
၈ လပိုင်းကုန်တွင် ဟိုတယ်မှထွက်ကာ အိမ်လုပ်ငန်းကို
ဦးစီးလုပ်ကိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ယခုရက်
ပိုင်းများတွင် အလုပ်မှ စိတ်ဖိစီးမှု များကို ဖြေဖျောက်ရန် ညပိုင်းတွင် ယောက်ဖနှင့် မိမိ၏ အခြေ
နေများကို တိုင်ပင်ဖြစ်ပါသည်။ ယနေ့ညတွင်တော့
ထူးထူးခြားခြား ဌာနမတူပေမဲ့ ရင်းနှီးနေသော လုပ်ဖော်ကိုက်ဖက်များနှင့် ဝိုင်းဖွဲ့ကာ စကားပြောဖြစ်
ခဲ့ကြပါသည်။ အရည်လေး မဝင်ခင်တော့ သိပ်ပြီးစကားဝိုင်းလေးဟာ မစည်းကားပေမဲ့။ အရှိန်တက်လာသောအခါတွင် စိတ်ကူးများသည်လည်းကောင်း၊ အကြံညာဏ်များသည်လည်းကောင်း၊ ခံစားမှုအစစ်မှန်များသည်လည်းကောင်း အလျိုလျို
ပေါ်ထွက်လာကြပါတော့သည်။
ညီလေးတစ်ယောက်က ဤကဲ့သို့ပြောသည်။
ကျွန်တော်တို့မြန်မာနိုင်ငံအပါဝင် လာအို၊ မလေးရှား၊
တီမော စတဲ့ နိုင်ငံငယ်လေးတွေက ထိုင်းနိုင်ငံကို ဝိုင်းပြီး တွန်းပင့်နေကြပုံကို သရုပ်ဖော်ပြီး ဖေ့စ်ဘွခ်မှာ ရေးသားထားတဲ့ပို့စ်ကိုဖတ်ပြီး ထိုင်းတွေဘာကြောင့်
ချမ်းသာပြီး သည်လိုပြောင်းလဲသွားကြလဲ ဆိုတာကို
ပြောပြချင်တယ်။ ထိုင်းရဲ့မူဝါဒက အရမ်းမိုက်တယ်။
ဘယ်လိုမိုက်လဲဆိုတော့။ သူတို့က သူများရဲ့ကုန်ပစ္စည်း
၊ ဒါမှမဟုတ် မိမိရဲ့ ကိုယ်တိုင်ထုပ်လုပ်တဲ့ပစ္စည်းတွေ
ကို အရည်သွေးရှိရှိ ရောင်းချတက်ရမယ်။ ဆိုလိုချင်တာကတော့ သူတို့က သူတို့ကိုယ်ပိုင်စီးပွားရေးကိုပဲ အကောင်းဆုံးဖြစ်အောင်
လုပ်မယ်။ တကယ်လို့ ကိုယ်ပိုင်အလုပ်မလုပ်ရလို့ သူများ အလုပ်မှာ ကုမ္မဏီမှာ လုပ်ရပြီဆိုရင်လည်း ရာထူးကြီးကြီးမားမားကို ယူကြတယ်။ ပြောချင်တာက
သူတို့လူမျိုးတွေကပဲ သူတို့နိုင်ငံရဲ့ စီးပွားရေးကို ခြယ််လှယ်ကြတယ်။ သူများနိုင်ငံက လာပြီး ထိန်းချုပ်တာကို မခံကြဘူး။ အဲ့ဒါကြောင့် ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံသားတွေက သူတို့ကိုယ်ပိုင် စီးပွားရေးပဲ လုပ်ကြတယ်။ ဘယ်တော့မှ
အောက်ခြေသိမ်း ဝန်ထမ်း ဝင်မလုပ်ကြဘူး။ အဲ့ဒါကြောင့် ထိုင်းမှာ မြန်မာ၊ လာအို၊ မလေးရှား၊ တီမော စတဲ့နိုင်ငံတွေက အလုပ်သမားတွေကို ခေါ်ကြတယ်။ အဲ့ဒါကြောင့် သူတို့နိုင်ငံက ချမ်းသာကြတယ်။ အဲ့ဒီပိုစ့်လေးကိုဖတ်ပြီး ကျွန်ကတော့
ကိုယ်ပိုင်စီးပွားရေးပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော်သည်လည်း ဒီဟိုတယ်ဝန်ထမ်းဘဝမှ ရုန်းထွက်ကာ မိမိ မိဘများ၏ လုပ်ငန်းဖြစ်သည့်
ရှမ်းခေါက်ဆွဲဆိုင်လေးကို Upgrade မြင့်ပြီး လုပ်ဆောင်တော့မည်ဖြစ်သည်။
ဤ ရူပါမန္တလာဟိုတယ်သည် ကျွန်တော့်ဘဝ၏
အစဖြစ်ပါသည်။ လူငယ်ပီပီ အိမ်မက်တွေ အကြီးကြီး
မတ်ခဲ့သော နေရာဖြစ်ပါသည်။ ဖြစ်သင့်သလောက်လည်း အိမ်မတ်တွေဖြစ်ခဲ့ပါသည်။
ဆရာကောင်းသမားများနှင့်လည်း တွေ့ဆုံခဲ့ရပြီး
အဖိုးမဖြတ်နိုင်သော အတွေ့ကြုံကောင်းများနှင့်
အတွေ့ကြုံဆိုးများကိုလည်းရရှိခဲ့ပါသည်။ အကောင်း
အဆိုးနှစ်ခုလုံး မျှမျှတတ ခံစားခဲ့ရပါသည်။ ဥပမာပေးရလျှင် ဤရုပါမန္တလာဟိုတယ်သည် ကျွန်တော့်ဘဝအတွက် အခါးနဲ့အချိုကို အချိုးကျကျ
ဖျော်စပ်ထားတဲ့ ကော်ဖီလေးတစ်ခွက်ဖြစ်ခဲ့ပါသည်။
ထိုကော်ဖီလေးတစ်ခွက်ကို ယုံယုံကြည်ကြည် နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးခဲ့ပါသည်။ ထိုကော်ဖီလေးအား ကျွန်တော့်ဘဝတစ်လျောက်လုံး
ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပါ။
ကိုကိုမိုးဟိန်း
KoKoMoeHein
၁၃ ရက်၊ ၈လပိုင်း၊ ၂၀၂၀ ခုနှစ်၊
မနက် နှစ်နာရီ ၂ မိနစ်။