ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်
------------------***----------------
ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...
အမှတ်တရဆိုတာ အမှတ်တမဲ့တွေက
အစပြုခဲ့တာ မဟုတ်လား?...
မှက်မိနေဆဲ သူ့ဆံနွယ်တွေက အရင်လို ဖြောင့်စင်းပြီး လေပြေအဝှေ့မှာ ပျံဝဲနေဆဲလား ၊ ချွန်မြနေတဲ့ သူ့ရဲ့နှာတံလေးက အရင်လို ချစ်ဖို့ကောင်းဆဲလား ၊ လူမြင်ရင် ဆီးကြိုတက်တဲ့ သူ့အပြုံးချိုချိုလေးကရော အရင်လို နွေးထွေးဆဲပဲလား ၊ စူးရှပြီး ထင်ထင်ရှားရှား ရှိခဲ့တဲ့ သူမမျက်ဝန်းတွေကရော အရင်လို စွဲမက်ဖွယ်ကောင်းဆဲလား၊ ထက်မြက်ပြီး ချစ်စရာကေလးငယ်လို သူမရဲ့ ဟန်ပန်တွေကရော
အရင်လို မြူးကြွနေဆဲပဲလား...
အပိုင်း ( ၁ )
နွေဦးရာသီရဲ့ စိတ်ကူးချိုချိုတွေဟာ အသားမာတည်နေတဲ့
ကျော်ရဲနှောင် ရဲ့ နှလုံသားကို ခနတာတော့ ပျော့ပျောင်းသွား
စေခဲ့တာအမှန်ပင်။ ထိုစိတ်ကူးချိုချိုလေးများသည်လည်း
ရေပွက်ပမာ ခနတာ ပေါ်လာပြီး ပျောက်ကွယ်သွားပြီးနောက်တွင်
ကြိမ်ဖန်များစွာ အနာဖြစ်ခဲ့သော ဒဏ်ရာဟောင်းတို့က ပြန်လည် နေရာယူလိုက်သောကြောင့် ကျော်ရဲနှောင် တစ်ချက် အံကြိတ်လိုက်မိသည်။
အချစ်နဲ့အမုန်းဆိုတာ ကျောချင်းကပ်နေမှန်းမသိခဲ့သော သူတစ်ယောက်သည် ချိုမှိန်စွာ အချစ်ကိုစားသုံးခဲ့မိလေသည်။
အမုန်းတွေ ဝင်ရောက်မလာခင် အချိန်ထိတော့ ထိုအချစ်ကို ရူးသွပ်စွာ ကိုးကွယ်မိခဲ့သည်။
အတွေးတွေကို မျက်စိမှိတ်ခါထုတ်ပစ်လိုက်ရင်း ဆိုင်ကယ်ကိုသာ ဂရုစိုက်မောင်းပြီး ဦးတည်ရာသို့ခရီးဆက်ခဲ့သည်။ မန္တလေးမြို့ကြီးရဲ့ မနက်ခင်းဟာ အေးချမ်းသာယာတယ်ရယ်လို့မရှိပဲ ကားလမ်းမပေါ် ဆိုင်ကယ်တွေပြည့်နပ်ကာ တဝူးဝူးတဗျင်းဗျင်းနဲ့ သူ့ထက်ငါ အပြိုင်ဆိုင်မောင်းကြသည်။ သတိတစ်ချက်လွတ်တာနဲ့ နိဗ္ဗန်ယာဉ်ကားစီးရမည်သာဖြစ်သည်။ မိမိဦးတည်ရာ နေရာသို့ရောက်သောအခါ ဆိုင်ကယ်ရပ်၍ ဦးထုတ်ချွတ်ကာအပေါ်ကို တစ်ချက်မော့ကြည့်လိုက်သည်။
" FOREVER " ဆိုသော ဆိုင်းပုဒ်လေးက ဖုံတက်နေယုံကလွဲ၍ စာလုံးတွေက ပီပီပြင်ပြင်ရှိသေးသည်။ ဆိုင်တံခါးဝနားကိုရောက်တော့ မိမိကိုသိနေသော waiter ကောင်လေးက တံခါးဖွင့်ပေးပြီး ပြုံးပြကာ " မင်္ဂလာပါ "ဟု နှုတ်ဆက်လေးသည်။ ကျော်ရဲနှောင် လည်းပြန်လည်နှုတ်ဆက်လိုက်ပြီး ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ပျော်ရွှင်ကြည်နူးစေခဲ့သော အမှတ်တများစွာ စွန်းထင်ကျန်နေခဲ့သော စားပွဲလေးက ရင်းနှီးစွာ သူ့ကိုစီးကြိုနေသလိုခံစားလိုက်ရသည်။ ထိုစားပွဲလေး လစ်လပ်နေ၍ ဘာမှတွေဝေမစဉ်းစားတော့ပဲ ဝင်ထိုင်လိုက်သည်။
စားပွဲထိုးရောက်လာပြီး Menu ချပေးသည်။ဘာစားရကောင်းနိုးနိုးနှင့် Menu ကိုလန်လှောကြည့်မိလိုက်ရင်း တစ်နေရာ ရောက်တော့ လက်ကရပ်သွားပြီး ထိုဟင်းလျှာ လေးကို
ငေးကြည့်နေမိသည်။
ချစ် " ဂဏန်းချဉ်စပ် " ပဲစားမယ်... မောင်ဘာစားမလဲ
ဒီဆိုင်ရောက်တိုင်း သူမ ဂဏန်းချင်စပ် ကိုပဲ စားနေကြ။ ချစ်စရာ
ကောင်းပြီး သွပ်လပ်သော သူမရဲ့ဟန်ပန်တို့ သူ့မျက်လုံးထဲတွင်
ပြန်မြင်ယောင်လာသည်။ နားထဲတွင် ရယ်မောပျော်ရွှင်နေသော
သူမ၏အသံတို့ ကြားယောင်လာသည်။ ရုတ်ရက် ရင်ဘက်ထဲတွင်
စူးခနဲ နာကျင်လာ၍ Menu စာအုပ်လေးကိုပြန်ပိတ်လိုက်သည်။
" အကိုတို့ ဆိုင်ကိုမလာတာ တစ်နှစ်လောက်ရှိသွားပြီနော်
ဟိုမမလေးရော နေကောင်းရဲ့လား ? ။
အကိုတို့ လက်ထက်ပြီးသွားကြပြီလား? ။"
ရုတ်တရက်မေးလာသော စားပွဲထိုး ကောင်လေးရဲ့ မေးခွန်းက
ကျော်ရဲနှောင် ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အင်အားချိနဲ့ပြီး မောဟိုက်သွားစေသည်။
" အင်း... သူလည်းနေကောင်းပါတယ် ။
လက်မထက်ရသေးပါဘူး "
ကျော်ရဲနှောင် အသံကိုမတုန်အောင်မနဲထိန်းပြီးပြောလိုက်ရသည်။
" ဒီနေ့ အဲ့ဒီမမလေးရောလာမှာလား ။ ဂဏန်းချဉ်စပ် တစ်ပွဲ ပြင်ထားရမလား? ။"
" နေပါစေ...ပါမုန့်ကြက်ဥကြော်နဲ့ ကောဖီတစ်ခွက်ပဲပေးပါ..."
မမျော်လင့်သော အဖြေကြောင့် စာပွဲထိုးကောင်လေး ခေါင်းကုတ်ပြီး ထွက်သွားလေသည်။
ချောရေ...မင်းကအရာအားလုံးကို လျစ်လျှူရှူပြီး ထားသွားခဲ့နိုင်ပေမဲ့ သတိတရနဲ့ မင်းကို အသိမှတ်ပြုနေတဲ့ သူတွေရှိသေးတယ်ဆိုတာ မင်းနဲနဲလေးတောင် မစဉ်းစားမိဘူးလားကွာ...
နေနိုင်သူက ထားသွားခဲ့ပေမဲ့ မနေနိုင်သူတွေက တမ်းတကျန်ရစ်နေတယ်ဆိုတာ မင်းသိရင်သိပ်ကောင်းမှာပဲ။
အလိုလို လည်လာသော မျက်ရည်တွေကို အတင်းဖယ်သုတ်လိုက်ရင်း ကျော်ရဲနှောင် အတွေးတို့လွန်ခဲ့သော ၄နှစ်တာကာလဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
-------- *** -----------
မိဘအရိပ်အောက်တွင် တသက်လုံး အေးအေးချမ်းချမ်းနေလာခဲ့သော ကျော်ရဲနှောင် တစ်ယောက်
ယခုတော့ ဘွဲ့ရပြီးပြီမို့ အလုပ်လုပ်ဖို့ အတွက်အစစအရာပြင်ဆင်ပြီး
မထွက်ခွာခင်မှာ အဖေနဲ့အမေကို ဦးသုံးကြိမ်ချပြီး ရှစ်ခိုးကန်တော့
လိုက်သည်။
" ခုလိုမိဘကို ရှစ်ခိုးကန်တော့ရတဲ့ အကျိုးကြောင့် သွားလေရာခရီးလမ်းမှာ အန္တရာယ်ကင်း ဘေးရှင်းပါစေကွယ် "
အမေ့ရဲ့ဆုပေးသံတွေက အနည်းငယ်တုန်ယင်နေသည်။ မိခင်ဆိုတာ ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာမို့ သားသမီးတွေအပေါ်
ဖခင်တွေထက် ပိုပြီးအချစ်ပိုကြသည်။
" အေးငါ့သားကြီး အလုပ်ကိုင် အဆင်ပြေချောမွေ့ပါစေကွာ "
ဖခင်ကတော့ ခပ်ပြက်ပြက်ပဲ ဆုပေးသည်။
မိဘများက ရှမ်းတိုင်းရင်းသားများဖြစ်၍ ရိုးရိုးရှင်းရှင်းသာ
ဘဝကို ရှင်သန်ချင်ကြသည်။ ကြီးကြီးကျယ်ကျယ် စီးပွားရေး
မလုပ်ကြပဲ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ပြီး အေးချမ်းချမ်းပဲနေထိုင်ကြ
သည်။ လောဘလည်းမရှိ ၊ ဒေါသလည်းမရှိ ၊ ပြီးပြည့်စုံအောင်
မချမ်းသာကြပေမဲ့ စားနိုင်သောက်နိုင်ပြီး သက်တောင့်သက်တာ
နှင့် မိသားစုတစ်ခုလုံး အပူပင်မရှိပေ။
ပညာဆုံပြီး ကြင်ယာမဆုံသေးပေမဲ့ အရွယ်ရောက်လာပြီမို့
မိဘဆီမှာ ခိုကပ်ပြီးမနေချင်တော့ ထို့ကြောင့် ဦးလေးရှိရာ
မန္တလေးမြို့သို့ သွားရောက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျောပိုးအိပ်ကို လွယ်လိုက်ရင် အဖနဲ့အမေကို နှုတ်ဆက်ပြီး လိုင်းကားပေါ်တက်လိုက်သည်။
ကားပေါ်ရောက်တော့ လွတ်တဲ့နေရာမှာထိုင်လိုက်ကာ ကားအပြင်ဘက်ကနေ သက်သာပြပြီး နှုတ်ဆက်နေသော မိခင်အား ပြန်လည်နှုတ်ဆက်လိုက်သည်။ လိုင်းကား လည်း တအိအိဖြင့်မောင်းထွက်သွားတော့သည်။ ပထမဆုံး မိဘအရိပ်နှင့်ခွဲကာ မြို့ကြီးပြကြီးမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့သော ကျော်ရဲနှောင် ရင်ထဲတွင် ဝမ်းနည်းသလိုလို
အားငယ်သလိုလိုဖြစ်မိသည်။ တောင်ပေါ်ဒေသဖြစ်ပြီး အမြဲအေးချမ်းနေတဲ့ ပြင်ဦးလွင်မြို့လေးကို သူခွဲခွာရတော့မည်မို့
သူ့စိတ်ထဲတွင် ဘာမှန်းမသိသော ဟာသာသာခံစားမှုမျိုး ခံစားလိုက်ရသည်။
ဦးလေးဖေလှ ၏ အိမ်မှာ ထရံကာ
နှစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်သည်။ ဦးလေးဖေလှ မှာရုံးဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ဇနီးကတော့ ဈေးထဲတွင် ကုန်ခြောက်ဆိုင် ဖွင့်ထားသည်။ ဦးလေးဖေလှတို့တွင် သားသမီးမရှိ၍ ကျော်ရဲနှောင် ကိုသားအရင်းလို ချစ်ကြသည်။
အိမ်အောက်ထပ် အခန်းတွင် ကျော်ရဲနှောင် အတွက် အခန်းတစ်ခန်းစီစဉ်ပေးသည်။ အထုတ်ပိုးများအခန်းထဲတွင်ချထားလိုက်ပြီး ဧည့်ခန်းမှာ ထိုင်နေလိုက်သည်။ ခနကြာတော့ ဦးလေးရောက်လာသည်။
" ခရီးပမ်းလာတာဆိုတော့ အေးဆေးနားလိုက်ဦးပေါ့
စိတ်လပ်လွတ်နေဟုတ်ပလား...
ကိုယ့်အိမ်လိုသဘောထား လိုတာရှိရင်ပြော ဘာမှအားမနာနဲ့ "
" ဟုတ် ဘာမှမလိုပါဘူး ဦးဖေ ကျနော်ကသာ အားနားနေတာ
အလုပ်ရှုပ်ခန်းပြီး အခန်းပြင်ပေးနေသးတယ် ဘုရားစင်ရှေ့ဖျာခင်းအိပ်လည်း ရနေတာကို..."
" အမေလး...မလုပ်ပါနဲ့ကွာ တော်ကြာ မင်းမိဘတွသိရင်
ငါ့ကို ပြောနေပါဦးမယ် မင်းကိုသေချာဂရုစိုက်ဖို့ ခုနလေးတင်
ဖုန်းဆက်လာတာ... ခုလိုဘုရားစင်ရှေ့ မှာမင်းကိုအိပ်ခိုင်းတာ
သိရင် မင်းကို ချက်ချင်းပြန်လာခေါ်လိမ့်မယ်..."
" ကဲ...ကဲ... တူဝရီးတွေစကားကောင်းနေတာ
ရော. ဒီမှာ အမောပြေအအေးလေးသောက်လိုက်ဦး..."
ဦးဖေလှ ဇနီး ဒေါ်နွယ်နီက အအေးယူလာပေးသည်။
" ဒါနဲ့ မင်းအလုပ်က ဘယ်နေ့အင်တာဗျူးရမှာလည်း... "
" နောက်တစ်ပက် တနင်္လာ နေ့ပါ အဒေါ်..."
အော် အဲ့ဒါဆို အိမ်မှာ အေးအေးဆေးဆေးနားပေါ့
လိုအပ်တာရှိရင် အဒေါ့်ကိုပြော အားလုံးစီစဉ်ပေးမယ်
ဟုတ်ကဲ့အဒေါ်..
မန္တလေးမြို့ကြီး မှာ တက္ကသိုလ် တက်ခဲ့ဖူးသည်မို့ အရမ်းကြီးတော့မစိမ်းတော့ပေ။ လမ်းတွေအားလုံးမဟုတ်တောင်
သွားတက်လာတက်တော့ရှိသည်။ ဦးလေးအစပ်ဆက်နှင့် ဟိုတယ် တစ်လုံးတွင် အင်တာဗျူးပြီး အလုပ်ရလေသည်။ အလုပ်သည် ဧည့်ကြိုကောင်တာ Reception တွင်လုပ်ရမည်ဖြစ်သည်။ အလုပ်သင်အနေနဲ့ အစမ်းခန့်ကာလသုံးလ လုပ်ရမည်ဖြစ်ပြီး သုံးလပြည့်မှသာ အမြဲတမ်းဝန်ထမ်းအဖြစ်သတ်မှတ်ပြီး လစာတိုးပေးမည်ဖြစ်သည်။ ပိုကောင်းတာတစ်ခုက ဟိုတယ်မှ
စီစဉ်ပေးထားသော အဆောင်မှာ နေရမည်ဖြစ်သည်။ ထို့ကြောင့် ဦးလေးအိမ်မှာ အားနာနာနှင့် နေစရာမလိုတော့ပဲ အဆောင်မှာ
လွတ်လွတ်လပ်လပ် နေရမည်ဖြစ်သောကြောင့် ကျော်ရဲနှောင် စိတ်ထဲ အနည်းငယ်ပေါ့သွားသည်။
အပိုင်း -၂ ဆက်ရန် >>>
ဖတ်ရှူပေးပါသော စတီးမစ်မိသားစုဝင်များအား အထူးကျေးဇူးတင်လျှက်...
စတီးမစ်တွင် တင်ခဲ့သော ဆောင်းပါးအား
ဘာမှ ပြင်ဆင်ဖြည်စွပ်ခြင်းမရှိပဲ ယခု ဟိုက်ဘလော့
တွင် ယူနီကုတ်ဒ်ဖြင့် ပြန်လည် တင်လိုက်ရပါသည်။
ကိုကိုမိုးဟိန်း
KoKoMoeHein