ပြီးခဲ့သော မေလ ကုန်ခါနီးလောက်တုန်းက အလုပ်မှခွင့်ရ၍ ဇာတိမြို့ဖြစ်တဲ့ ပြင်ဦးလွင် မြို့လေးကိုပြန်ဖြစ်ခဲ့ပါတယ်။ မိုးဦးကာလဖြစ်၍ မြူခိုး (မင်းလွင်) များကြားမှာ ပြင်ဦးလွင် မြို့လေးဟာ အေးအေးချမ်းချမ်းရှိလှပါတယ်။ ဒီလိုရာသီဥတုမျိုးက စာရေးဖို့ အကောင်းဆုံးချိန်ပဲမဟုတ်လား။ ပြတင်းပေါက်နားမှာထိုင်းရင်း မိုးဖွဲလေးများကိုငေးကြည့်ကာ အတိတ်က ငယ်ရွယ်နုပျိုချိန် ကျောင်းသားဘဝတုန်းက ချစ်ဦးသူရဲ့ ပုံရိပ်တွေ အမြင်အာရုံမှာကပ်ငြိလာပါတော့တယ်။ ကုန်ကြမ်းတော့ ရပြီကော ဆိုပြီး အသင့်ပါလာသော စာအုပ်လေးကို ကောက်ကိုင်ကာ
အားရပါးရ ရေးချလိုက်မိတယ်။ ပထမ စရေးတော့ အလွမ်းလိုလို၊ အေဆွေးလိုလို၊ ကဗျာလိုလို၊ ဘာလိုလို။ နောက်တော့ ဝတ္ထုတိုရေးဖို့ဇာတ်လမ်း၊ ဇာတ်ကွက်တို့ ပေါ်လာ၍ မိုးကိုအခြေခံကာ ဝတ္ထုတိုလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ ဝတ္ထုတို၏ နာမည်ကိုလည်း
" မိုးသည်း " ဟု နာမည်ပေးလိုက်မိပါတော့တယ်။ ယခုချိန်ထိ ထိုဝတ္ထုတိုအား အလုပ်တစ်ဖက်နဲ့မို့ မပြီးပြက်သေးပဲရှိနေပါတယ်။
ထိုကဲ့သို့ ပြင်ဦးလွင် မြို့ရဲ့အေးချမ်းတဲ့မိုးရာသီမှာ အိမ်မှာပဲနေရင်း စာများရေးကာ ခွင့်ရက်များကို အကျိုးရှိရှိအသုံးချခဲ့ပါတယ်။ ယင်းကဲ့သို့ စာများသာ အာရုံစိုက်ကာ ရေးသားနေခြင်းကြောင့် ကျွန်တော့်၏ဖခင်က သိချင်စိတ်ဖြင့်မေး၍ တက်သလောက် မှက်သလောက် စတီးမစ်အကြောင်းကို ရှင်းပြလိုက်သောအခါ ဖခင်က သဘောကျစွာ " အဲ့ဒါဆို အဖေလည်း အိမ်မှာနေရင်း တရားအားထုတ်ရင်းနဲ့ ရေးထားတဲ့ စာလေးရှိတယ်။ အဲ့ဒါကို သားတို့အခုသုံးနေတဲ့ စတီးမစ်မှာ ရေးတင်ပေးပါဦး " ဆိုကာ စာမူအားပေးလိုက်သောကြောင့် အဖေရေးသားထားသော စာမူအား အောက်ပါအတိုင်း တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ခဗျား...
တိုက်လေယာဉ်မူးလေးကျွန်တော်
ကျွန်တော်ဟာ သာမန်တိုက်လေယဉ်မောင်းသူ တစ်ယောက်ပါ။
ကျွန်တော့်ရဲ့ တိုင်းပြည်ကတော့ အဝိဇ္ဇာပြည်ထောင်စုလို့ ခေါ်တွင်ပါတယ်။ ဒီတိုင်းပြည်ရဲ့ လက်ရှိ အာဏာရ အစိုးရ ပါတီကတော့ " တဏ္ဍာပါတီ " က တာဝန်ယူအုပ်ချုပ်နေပါတယ်။
အင်းအားကောင်းလှတဲ့ ပါတီအဖွဲ့အစည်းတစ်ခုပါပဲ။
ဒီတိုင်းပြည်နဲ့အစိုးရဟာ လောကမှာ အင်အား တန်ခိုးအာဏာ ပါဝါ အလွန့် အလွန် ကြီးမားလှတော့ သူ့ရဲ့အုပ်ချုပ်မှုအာဏာ ဥပေဒေ အောက်မှာ ရုန်းထွက်လွတ်မြောက်သွားနိုင်တဲ့ ဝန်ထမ်းတွေ ပြည်သူပြည်သား အလုပ်သမားတွေ မရှိသလောက်ပါ။ အသိဉာဏ်ရှိကြတဲ့ မစိုစလောက်သော ပုဂ္ဂိုလ် အနည်းငယ်မျှသာရုန်းထွက်လွတ်မြောက်သွားခဲ့ကြတာ ရှိပါတယ်။
ကျွန်တော်ဟာ အစကိုရှာမရတဲ့ ဘဝရဲ့အစကတည်းက ဒီတိုင်းပြည်နဲ့အစိုးရ လက်အောက်မှာ တိုက်လေယဉ်မောင်းသူ အဖြစ်နဲ့ တာဝန်ထမ်းဆောင်လာခဲ့တာကြာလှပေါ့။
ရှေ့ဆက်ဘယ်လောက်အတိုင်းအတာအထိ ဒီတာဝန်တွေကို ထမ်းဆောင်နေရအုံးမယ်ဆိုတာ မှန်းဆလို့မရနိုင်သေးပါ။
ဘာပြုလို့လဲဆိုတော့ ဒီတိုင်းပြည်ရဲ့ အစိုးရဟာ တန်ခိုးအာဏာ ပါဝါ အရှိန်အဆော် ကြီးမားတော့ သက်တမ်းကုန်သွားတဲ့ ယဉ်တွေ၊ ယာဉ်မောင်းတွေ၊ ဝန်ထမ်းအလုပ်သမားတွေကို အသစ်တဖန် မွန်းမံပြင်ဆင်ပြီး တာဝန်တွေကို မရပ်မနားထမ်းဆောင်စေလေ့ ရှိလို့ပါပဲ။ အော်ဒါနဲ့ ကျွန်တော်တို့ရဲ့ တိုက်လေယဉ်ကြီးနဲ့မိတ်ဆက်ပေးပါရစေ။
လေယာဉ်အားလုံးကို တစ်မျိုးတစ်စားထဲထုပ်လုပ်ထားပြီး ပါဝါအင်အားကြီးမားလှတဲ့ " စိတ် " လို့ခေါ်တဲ့ အင်ဂျင်စက်တစ်လုံး တပ်ဆင်ထားပါတယ်။ လေယာဉ်ကိုယ်ထည်ကိုတော့ " ရုပ် " လို့ခေါ်တဲ့ နာမည်နဲ့ထုပ်လုပ်ထားပါတယ်။ ဒီယာဉ်တွေကို " ကိလေသာ " ဆိုတဲ့ စက်ဆီတွေနဲ့ ထဲ့ပြီးမောင်းနှင်ပါတယ်။
လေယာဉ်မူးလေးကျွန်တောကတော့ " သင်္ခါရ " လို့ခေါ်ပါတယ်။ ကျွန်တော်နဲ့အတူ တွဲဖက်လေသူရဲတွေကတော့ " သင်္ညာ " ခေါ်တဲ့ လေယဉ်မူးရယ် ပြီးတော့ " ဝေဒနာ " ရယ်ဆိုပြီး တွဲဖက်ညီတဲ့ ကျွမ်းကျင်ထက်မြက်တဲ့ လေယာဉ်မူး ၃ ဦးပေါ့။ ဒီလေယဉ်ပေါ်မှာ အာရုံခံနိုင်စွမ်းအား ကောင်းမွန်လွန်းတဲ့ " သဠာရသန " လို့အမည်ပေးထားတဲ့ ရေဒါကြီး (၆) ခု တပ်ဆင်ထားပါတယ်။ ဒီရေဒါတွေရဲ့ စွမ်းဆောင်မှုက အလွန်လျှင်မြန်တိကျပါတယ်။
ရှေ့ကပေါ်လာသမျှ ရန်သူ " ငါးပါးအာရုံ " တွေကို တပြိုင်ထဲလို့ ထင်ရလောက်အောင် မြန်မြန်ဆန်ဆန်ဖမ်းယူနိုင်တာကြောင့် ရေဒါပေါ်မှာ ပေါ်လာသမျှ ပစ်ကွင်း၊ ပစ်မှက် တွေကို ပစ်လွတ်လိုက်တဲ့ " ဖဿ " လို့ခေါ်တဲ့ ဒုံးကြည်တွေနဲ့ ထိမှန်ပေါက်ကွဲစေပြီး " ဒုက္ခ " မီးလျှံမီးခိုးတွေ
လွမ်းခြုံသွားစေတော့တာပါပဲ။
ပျော်စရာပေါ့နော် - ပျော်လည်းပျော်ခဲ့ပါတယ် ။
ပျော်စရာတွေလို့ပဲထင်ခဲ့ပါတယ်လေ။
အော်ဒါပေမဲ့လည်း ဒီမြင်ကွင်းတွေ ဒီတာဝန်တွေ ထမ်းဆောင်လာရတာ ကြာတော့လည်း ငြီးငွေ့တလိုလိုဖြစ်မိပါတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်နဲ့အစိုးရက အနားမပေးခဲ့ပါဘူး။
အင်း... တစ်ခုတော့ရှိတာပေါ့လေ ဒီယဉ်မောင်းဘဝက နားချင်ရင်တော့ ရှေ့ရှေ့ကအနားယူလွတ်မြောက်သွားကြပြီဖြစ်တဲ့ တိုက်လေယာဉ်မူးဟောင်းကြီးတွေရဲ့ နည်းနာကို နမူနာယူ လိုက်နာကျင့်သုံးနိုင်ရင်တော့ လွတ်မြောက်ရမှာပါ။
သူတို့က ဒီတိုင်းပြည်ရဲ့အရိပ်အာဝါသအောက်က လွတ်မြောက်အောင်ရုန်းတယ်။ ပြီးတော့ အစိုးရရဲ့ အုပ်ချုပ်မှုအာဏာတွေကို တော်လှန်ဖီဆန်ကြတယ်။ ပြီးတော့သူတို့ထုပ်လုပ်ပေးထားတဲ့ ဒီတိုက်လေယာဉ်သုံးဆီတွေကို မီးရှို့ဖျက်စီးပစ်ကြတယ်။ ဒီလို မနေမနား ကြိုးစားခဲ့ကြတော့ ဒီလေယာဉ်မူးဘဝကနေ လွတ်မြောက်သွားကြပါတယ်။
လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေမဲ့ လွတ်ချင်တဲ့စိတ်နဲ့ လုံ့လပြုရင်တော့ အနှေးနဲ့အမြန်ဆိုတာ ဖြစ်လာမှာပါ...
ကျွန်တော်ကိုယ်တိုင်လည်း ဒီတိုက်လေယာဉ်မူးဘဝကနေ လွတ်မြောက်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်...
( လေသူရဲတစ်ဦး)
တင်မောင်ဝင်း
စတီးမစ်ပေါ်တွင် တင်ခဲ့သော အဖေ့၏ တစ်ခုတည်းသော
ဆောင်းပါးဖြစ်ပါသည်။