၂၀၁၈ MSC gathering နှင့် အမှတ်တရများ(၂)

၂၀၁၈ MSC gathering နှင့် အမှတ်တရများ(၂) ဤသို့ဖြင့် ကျွန်တော်တို့အဖွဲ့သည် မြင်းခြံတွင် ခေတ္တနားပြီးနောက် MSC Gathering ကျင်းပမည့် ပုဂံသို့ခရီးဆက်ခဲ့ကြပြန်သည်။ ည၈နာရီတွင် ပုဂံသို့ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ရောက်ချိန်တွင် MSC မန်ဘာများစ...

5 years ago, comments: 2, votes: 13, reward: $0.31

၂၀၁၈ MSC gathering နှင့် အမှတ်တရများ(၂)

ဤသို့ဖြင့် ကျွန်တော်တို့အဖွဲ့သည် မြင်းခြံတွင် ခေတ္တနားပြီးနောက် MSC Gathering ကျင်းပမည့် ပုဂံသို့ခရီးဆက်ခဲ့ကြပြန်သည်။ ည၈နာရီတွင် ပုဂံသို့ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ရောက်ချိန်တွင် MSC မန်ဘာများစုံနေကြပေပြီ။ -MSCမန်ဘာများသည် ဓာတ်ပုံထဲကပုံနှင့် အပြင်တွင် လုံး၀ကွာခြားလှသည်။ ကျွန်တော်တို့ GP-1 sub leader ကိုမိုးဇော်ဆိုလျှင် ဓာတ်ပုံထဲတွင် အသက်ကြီးကြီး ရုပ်ကရင့်သည်ဟုထင်ရပေမဲ့ အပြင်တွင်မြင်တွေ့လိုက်ရချိန်တွင် ၂၀ ၀န်းကျင်လူငယ်တစ်ယောက်အလား နုနယ်လွန်းလှ၏။ Gp-3 sub leader ကိုတင်ထွန်းနိုင်ဆိုလျှင် ဓာတ်ပုံထဲတွင် မမြင်ရပေမဲ့ အပြင်တွင် ငယ်ငယ်ချောချောဖြစ်၏။ -Gp-1 မန်ဘာဝင် မောင်တက်တိုးက ဓာတ်ပုံထဲတွင် ပိန်ပိန်ပါးပါးထင်ရပေမဲ့ တကယ့်အပြင်တွင် ၀၀ဖြီးဖြီး လုံးလုံးကစ်ကစ် ချစ်ခင်ဖွယ်ကောင်းသည်။ အခြားသော နာမည်မမှတ်မိသော MSCမန်ဘာများအားလုံးသည်လည်း ပွင့်လင်းရိုးသားမှု ၊ သဘောမနှောကောင်းမှု နှင့် ခင်မင်ရင်းနှီးမှုအပြည့်ရှိလှသည်။ Steemit တွင် ဆောင်ရန်ရှောင်ရန်များကို ရေးတင်ပေးလေ့ရှိသည့် ကိုစောလွင်@sawlwinနှင့်လည်း တွေ့ခဲ့ရ၏။ စကားပင်ကောင်းကောင်းမပြောလိုက်ရပဲနှုတ်ဆက်ခဲ့ရ၏။ အကြောင်းမှာ ကိုစောလွင်သည် အလုပ်ကိစ္စ ကြောင့် မန္တ္တလေးသို့ ခရီးဆက်ကြရမည်ဖြစ်သောကြောင်ဖြစ်သည်။ ထိုကဲ့သို့ အလုပ်တစ်ဖက်နှင့် MSC Gathering သို့မန်ဘာများအား လာရောက်တွေ့ဆုံခြင်းကိုကြည့်လျှင် ကိုစောလွင်၏ MSC အပေါ်ထားရှိသည့် သံယောစဉ်ကို အထင်းသားမြင်နိုင်ပေသည်။

မန်ဘာများအတွက် ကိုသက်၏ စီစဉ်ပေးမှု ၊ ဂရုစိုက်မှု တို့ကား လိုလေးသေးမရှိ၊ စေတနာအပြည့်ထားကာ ညီအစ်ကိုမောင်နှမရင်းခြာ တစ်ဖွယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ ဤသို့ဖြင့် ကိုဟင် ၊ ဆရာတင်လှိုင်ဦး၊ Admins များနှင့် မန်ဘာများအတူတူညစာစားသောက်ကြပြီးနောက် တည်းခိုဆောင်အပြင်ဘက်ရှိ ကွက်ပစ်ပေါ်တွင် စကားလက်ဆုံပြောဆိုခဲ့ကြသည်။ ထို့နောက် အသီးသီးအိပ်စက်အနားယူကြကာ တစ်ညတာ ကုန်လွန်ခဲ့လေတော့သည်။

မနက်စောစောထကြပြီး မနက်စာကို အလျှိုလျှိုထွက်စားကြသည်။ ညတုန်းက သတိမထားမိခဲ့သော ကျွန်တော်တို့ တည်းခိုဆောင်လေးကို မနက်ခင်းတွင် မြင်လိုက်ရချိန်တွင် ဤဝါးကျောင်း၌တသက်လုံးနေချင်စိတ်ပင် ကျွန်တော်၏စိတ်တွင် ဖြစ်ပေါ်လာသည်။ ဧရာ၀တီမြစ်ကမ်းနဘေးတွင် တည်ရှိပြီး လွမ်းမောဖွယ် ထနှောင်ပင်ကြီးနှင့် ကွက်ပစ်လည်းရှိ၏။ ဟိုးတစ်ဖက်ကမ်းကို လှမ်းမြော်ကြည့်လိုက်လျှင် မှိုင်းပြပြတောင်တန်းကြီးများကို လည်းမြင်တွေ့ရ၏ ၊ အလွမ်းဓာတ်ခံရှိသူများအဖို့ ဆွေးဆွေးမြေ့မြေ့ရှိမည့် နေရာသာဖြစ်ပေတော့မည်။ ဤ​နေရာကို ရွေးချယ်ပြီးစီစဉ်ပေးသော ကိုသက်မှာ နှလုံးသားနုသူကြီးဖြစ်လိမ့်မည်ဟု မှက်ချက်ပြုမိသည်။

နံနက်ခင်း ၈နာရီတွင် မန်ဘာများအားလုံးစုကာ ကိုသက်၏စီစဉ်ပေးမှုဖြင့် ခွေးဘီးလူးကား နှစ်စီးနှင့် ပုဂံဘုရားမ်ား လိုက်လံဖူးမြော်ရန် ဝါးကျောင်းမှ စတင်ထွက်လာခဲ့ကြသည်။ သူရိန်နေမင်း၏ ထွန်းလင်းစ နေခြည်နုနုအောက်တွင် ပုဂံဘုရားများနှင့်အတူ မစိမ်းလွန်း မနုလွန်း ဝါကျင်ကျင် ပတ်၀န်းကျင်၏အလှကား စာဖြင့် ဖွဲ့ဆိုလို့ပင်ပြည့်စုံနိုင်မည်၊ ပေါ်လွင်နိုင်မည်မထင်ပေ။ အရင်က ပုဂံသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ခဲ့ဖူးသော်လည်း ဤသုံးကြိမ်မြောက်သည် ကျွန်တော့်အဖို့ ပိုပြီးတော့ အဓိပ္ပာယ်ရှိ၏။ ထူးခြား၏။ ဘာပြုလို့လဲဆိုတော့ မြန်မာဟုအစပြုခဲ့သော ၊ ကြီးကျယ်ခမ်းနားသော ခေတ်တစ်ခေတ်ဖြစ်ခဲ့ဖူးသော ဤမြေပေါ်တွင် ကျွန်တော်တို့အားလုံး၏ မှီခိုရာ၊ အားထားရာ ၊ ဆုံဆည်းရာ MSC၏တစ်နှစ်ပြည့် တွေ့ဆုံပွဲကို မှတ်တမ်းတင်ရတော့မည်ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်၏စိတ်တွင် အားရ၏။ ၀မ်းသာ၏။ ကျွန်တော်၏ခံစားမှုတို့ကို ဖော်မပြနိုင်အောင်ပင်ဖြစ်မိသည်။

ဤကဲ့သို့ ပုဂံဘုရားများလည်ဖူးရာတွင် အလုပ်အရှုပ်ဆုံးမှာ ဖုန်းများဖြစ်သည်။ ကိုယ်စီကိုယ်ငှ ဖုန်းများနှင့် မှတ်တမ်းတင်ဖို့ ပိုစ့်အမျိုးမျိုးနှင့် ဓာတ်ပုံများရိုက်ကြ၏။ ကျွန်တော်လည်း ရတောင့်ရခဲ ဤအခွင့်အရေးကို အသုံးချကာ ကိုဟင် ၊ ဆရာတင် ၊ မန်ဘာများနှင့်တူတူ ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။ အနီးအနားရှိ ပုဂံဘုရားများ ဖူးမြော်ပြီးနောက် နေ့လည် ၁၂ နာရီခန့်တွင် ဝါးကျောင်းသို့ပြန်လာခဲ့ကြသည်။ ထို့နောက် နေ့လည်စာ စားသောက်ကြပြီးနောက် MSC ရှေ့ရေးနှင့် ဆက်လက်လုပ်ဆောင်မည့်အရာများအား ဆွေးနွေးရန် ထနှောင်းပင်အောက်ရှိ ကွက်ပစ်ပေါ်တွင် လူစုကြလေတော့သည်။

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko